ဗုဒ္ဓသာသနာတော်၏ သက်တမ်းကို ဘုရားရှင် ပရိနိဗ္ဗာန်ပြုသည့်နှစ်မှ စတင်ရေတွက်ခဲ့ရာ ယခုဆိုလျှင် သာသနာသက္ကရာဇ် ၂၆၀၀ နီးပါးရှိခဲ့ပြီးဖြစ်သည်။ သာသနာဟူသည် အဆုံးအမလမ်းညွန်ချက်ဟု အဓိပ္ပါယ်ရသည်။ သို့ဖြစ်ရာ ဤကမ္ဘာမြေတွင် ဗုဒ္ဓဘုရားရှင်၏ အဆုံးအမ လမ်းညွန်ချက်တို့ စဉ်ဆက်မပြတ် တည်တံ့ခဲ့သည်မှာ ရာစုပေါင်း ၂၆-ခုတိုင်ခဲ့ပြီဟု ဆိုရပေမည်။
သို့သော် ကျွန်ုပ်တို့ဆန်းစစ်သင့်သော ကိစ္စတစ်ရပ်ကား ရှိသေးသည်။ ယင်းမှာ ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက် နှစ်ပေါင်း ၂၆၀၀ နီးပါး ကြာညောင်းခဲ့သော ယခုကာလ၀ယ် ဗုဒ္ဓ၏ အဆုံးအမ လမ်းညွန်ချက်တို့သည် မူလအတိုင်း မသွေမဖည်း မတိမ်းမစောင်းဘဲ တည်ရှိနေပါသေး၏လောဆိုခြင်းပင် ဖြစ်သည်။ ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက် နှစ်ပေါင်း (၁၀၀) ခန့်ကာလအတွင်းမှာပင် ဗုဒ္ဓ၏အဆုံးအမ လမ်းညွန်ချက်တို့နှင့် ပတ်သတ်၍ သံဃာတော်များအကြား အယူအဆရေးရာကွဲပြားမှု ဖြစ်ပေါ်ခဲ့သည်။
သာသနာသက္ကရာဇ်-၃၀၀ ခန့် အရောက်တွင်ကား အယူအချင်းမတူသည့် သံဃာဂိုဏ်ကွဲပေါင်း(၁၉) အခုအထိရှိလာခဲ့သည်။ သံဃာတော်များအကြား ဂိုဏ်းဂဏကွဲပြားမှုနှင့်အတူ ကိုးကွယ်ဆည်းကပ်သူ လူဝတ်ကြောင်များတွင်ပါ ဂိုဏ်းဂဏကွဲခဲ့ကြသည်။ အချို့သော ဗုဒ္ဓဘာသာသာသနာပြု ပုဂ္ဂိုလ်များသည် ရောက်ရှိရာ အရပ်တွင် တည်တံ့ဆဲဖြစ်သည့် မိရိုးဖလာ အယူအဆများကိုပါ ဗုဒ္ဓဘာသာထဲ သိမ်းသွင်းခံယူ ကျင့်သုံးခဲ့ကြသည်။ ပမာပြရသော် တိဗက်ဒေသသို့ ရောက်ရှိသွားသော ဗုဒ္ဓသာသနာပြုတို့သည် တိဗက်တို့၏ ရှိရင်းစွဲ စုန်း၊ ကဝေ၊ နတ်ကိုးကွယ်ပသမှု၊ မန္တန်ရွက်ဆိုမှုဆိုင်ရာ အယူအဆများကို ဗုဒ္ဓဘာသာနှင့်ပေါင်းစပ်ကာ မန္တရ၊ တမန္တ ဗုဒ္ဓဘာသာအယူအဆများကို ဖြစ်စေခဲ့သည်။ တရုတ်ပြည်ရောက်သွားသော ဗုဒ္ဓဘာသာမှာလည်း ရှိရင်းစွဲ တာအိုဝါဒ၊ ကွန်ဖြူးရှပ် အယူအဆတို့နှင့် ပေါင်းစပ်သွားခဲ့သည်။ ထိုနောက်တွင်ကား တရုတ်ပြည်တွင် “ချင်”၊ ဂျပန်ပြည်တွင် “ဇင်”ဟု ကျော်ကြားသော ဗုဒ္ဓဘာသာအမည်ခံ အယုအသစ်များ ဖြစ်ထွန်းလာခဲ့သည်။ အထူးသဖြင့် မြောက်ပိုင်း ဗုဒ္ဓဘာသာဟု လူသိများသော မဟာယန ဗုဒ္ဓဘာသာသည် ကမ္ဘာတစ်ဝန်း ထင်ပေါ်လာခဲ့ရာ အနောက်တိုင်းဒေသဆီ သို့ပင် ကျယ်ပြန့်စွာ ပေါက်ရောက်ခဲ့သည်။ မျက်မှောက်ခောတ် ထွန်းကားလျက်ရှိသည့် ဗုဒ္ဓဘာသာဂိုဏ်ကွဲများစွား၏ ဘာသာရေး အယူအဆတို့ကို လေ့လာဆန်းစစ်ကြည့်မယ်ဆိုပါလျှင် ဗုဒ္ဓဘုရားရှင်၏ မူရင်းဒေသနာတော် အဆုံးအမတို့မှ များစွာသွေဖည် လမ်းခွဲသွားကြသည်ကို တွေ့ရှိနိုင်ပေသည်။
ထင်ရှားသော ဥပမာတစ်ရပ်ကို တင်ပြရမည်ဆိုလျှင် ဗုဒ္ဓဘုရားရှင်က “ သဗ္ဗေဓမ္မာ အနတ္တာ ” ဟု ဟောကြားခဲ့သည်။ အဓိပ္ပါယ်မှာ ရှိရှိသမျှတရားတို့သည် အစိုးမရဟူ၍ ဖြစ်ပေသည်။ ယင်းသို့ အစိုးမရသောတရားတို့တွင် ဗုဒ္ဓသာသာဂိုဏ်းဂဏအားလုံး ရည်မှန်းရာ အန္တိမပန်းတိုင်း ဖြစ်သည့် “နိဗ္ဗာန်” လည်း အပါအ၀င်ပင်ဖြစ်သည်။ “နိဗ္ဗာန်” သည် နိစ္စ(အမြဲရှိခြင်း)၊ သုခ(ချမ်းသာ) ဟူသော သဘောကို ဆောင်ပါသည်။ သို့သော် “အတ္တ”တည်းဟူသော အစိုးရခြင်းကားမရှိချေ။
ယင်းအချက်ကို ထေရ၀ါဒမှတပါး အခြားသော ဗုဒ္ဓဘာသာဂိုဏ်းကွဲ အတော်များများက လက်မခံကြတော့ပေ။ နိဗ္ဗာန်ကို အစိုးရခြင်းသဘောဆောင်သည့် တရားအဖြစ်ခံလာကြသည်။ နိဗ္ဗာန်ကို လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံကဲ့သို တည်ရှိနေသည့် ဘုံဌာနတစ်ခုအဖြစ် ခံယူသူများက ခံယူကြသည်။ မဟာယနအနွယ် သုခ၀တီဂိုဏ်းက ဆိုလျှင် ဗုဒ္ဓဘုရားရှင်သည် အနောက်အရပ်ရှိ သုခ၀တီရွှေပြည်ဟု ယူဆထားကြသည်။ ယင်းဗုဒ္ဓကို “အမိတာဘာ” ဘုရားဟုလည်းခေါ်သည်။ တရုတ်အသံထွက်ဖြသင့် “ အိုမီတိုဖူ ” ဆိုသည်မှာ ယင်းထာဝရ ဗုဒ္ဓဘုရားရှင်ကို တမ်းတရှိခိုးခြင်းပင်ဖြစ်သည်။
အချို့သော မြောက်ပိုင်းဗုဒ္ဓဘာသာဂိုဏ်းတို့၏ အလိုအရ ဂေါတမဗုဒ္ဓသည် ယင်းထာဝရဗုဒ္ဓဘုရားက လူသားတို့အား တရားပြကယ်တင်ရန် လူအဖြစ်ကို ၀င်စားခဲ့ခြင်းသာ ဖြစ်သည်ဟုဆိုသည်။ ယင်းအယူအဆတွင် ဗြဟ္မဏဘာသာဝင်တို့၏ အ၀တာအယူအဆ၏ သြဇာသက်ရောက်မှု များစွားရှိနေသည်ကို ရိပ်စားမိနိုင်ပါသည်။ ဗြဟ္မဏဘာသာ အလိုအရ ဗိဿနိုးခေါ် ထာဝရ နတ်ဘုရားကြီးသည် လူ့ပြည်သို့ အသွင်မျိုးမျိုးဆောင်လျက် ၀င်စားကာ လူသားတို့အား ကယ်တင်ခဲ့သည်ဟုဆိုသည်။ ယင်းသို့ဝင်းစားရာတွင် လူအဖြစ်သာမက တစ်ခါတစ်ရံ လူခြင်္သေ့၊ လိပ်၊ ၀က် စသည်ဖြင့်လည်း ၀င်စားခဲ့ဖူးသည်။ ဂေါတမ ဗုဒ္ဓသည်ပင် ဗိဿနိုးနတ်ဘုရားကြီး၏ ကိုးဦးမြောက် အ၀တာရ( လူဝင်စား) ဟု သတ်မှတ်ကိုးကွယ်ကြရာ ယခုခေတ် ဗြာဟ္မဏ ဘုရားကျောင်းအချို့တွင် ဗုဒ္ဓဆင်းတုတော်များကို တွေ့ရှိနိုင်ပေသည်။ မြောက်ပိုင်း ဗုဒ္ဓဘာသာဝင်ဂိုဏ်းကွဲအချို့၏ အလိုအရဆိုသော် ဗောဓိသတ္တတို့သည် ဘုရားရဟန္တာတို့ ထက်ပင်ပို၍ အရေးပါသော အခန်းကဏ္ဍတွင် တည်ရှိနေပေသည်။
မြန်မာနိုင်ငံတွင် ထေရ၀ါဒဗုဒ္ဓသာသနာ မထွန်းကားမီက ကိုးကွယ်ခဲ့ကြသော လောကနာထ(ခေါ်) အ၀လောကိတေဿရ(ခေါ်) လောကနတ်သည် ဗောဓိသတ္တတစ်ဦးပင်ဖြစ်သည်။ သူသည် အချိန်မရွေး နိဗ္ဗာန်ရွှေပြည်သို့ စံမြန်းနိုင်သည်။ သို့သော် သတ္တ၀ါအပေါင်းကို သနားကြင်နာလှရကား လောကအတွင်းသို့ အသွင် သဏ္ဌာန်မျိုးစုံဖြင့် ကယ်တင်စောင့်မတတ်သည့် ကယ်တင်ရှင်ကြီးအဖြစ် ကိုးကွယ်အားထားကြသည်။ ယင်းလောကနတ်သည် တရုတ်ပြည်တွင် “ကွမ်ယင်”ဟူသော အမည်ဖြင့် ထင်ရှားသည်။ ထို့အပြင် မြန်မာတို့က “ အန်းကုန်းဘိုးတော် ”ရခိုင်တို့က “ဘုရားဝမ်းပူ ” အနောက်တိုင်းသားတို့က “ရယ်နေသော ဗုဒ္ဓ(Laughing Buddha)” ဟု သိထားသော ၀၀ဖိုင့်ဖိုင့် ပြုံရွှင်သောမျက်နှာထားဖြင့် ထိုင်နေသည့် ပုဂ္ဂိုလ်ကြီးသည်းလည်း နောက်ပွင့်မယ့် အရိမေတ္တယျ ဘုရားအလောင်းဟု မြောက်ပိုင်းဗုဒ္ဓဘာသာဝင်းတိုင်းတို့က ခံယူကိုးကွယ်ခဲ့ကြသည်။ တိဗက်ဗုဒ္ဓဘာသာဝင်တို့မှာကာ ဗောဓိသတ္တ တို့ကို လာဘ်ရွှင်စေသူ၊ ဆေးကုပေးနိုင်သူ၊ ရန်ကိုအောင်မြင်စေသူစသည်ဖြင့် သူ့အစွမ်းအစအလိုက် သတ်မှတ်ထုလုပ်ကိုးကွယ်ကြရာ ဗောဓိသတ္တပေါင်း ရာချီ၍ရှိခဲ့ကြသည်။
ဆက်လက်ဖော်ပြပါမည်။ ။
No comments:
Post a Comment