Saturday, November 26, 2011

ဘာမှ မရှိတာ အကောင်းဆုံးပါ



အကြောင်းကြောင်းနဲ့ အရာရာမှာ အဆိုးနဲ့ အကောင်း၊ အဖြူနဲ့ အမည်း၊ အလင်းနဲ့ အမှောင် အစရှိသည်ဖြင့် တစ်ခုကို တစ်ခုက မှီနေတာမှန်ပါတယ်။ အဆိုးရှိလို့ အကောင်းရှိတယ် လူဆိုးတွေ များလာရင် လူကောင်းတွေ ပေါ်လာတတ်ပေမယ့်၊ တစ်ချို့ ချစ်တတ်တဲ့ စိတ်ဓာတ်လေးတွေ ထားတာ နေရာမှားနေတာ တွေ့ရတတ်ပါတယ်။ ဘာမှ မရှိတာ အကောင်းဆုံးပါ ဆိုတာလည်း ဒီလို စိတ်ထားမှားနေတဲ့ သူတွေကို ရည်ညွန်းပြီး စဉ်းစားမိတာပါ။ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂါတ်မှာ ကိုယ့်အတွက်ရော သူများအတွက်ပါ  မကောင်းဘူးဆိုရင် မရှိတာကောင်းတယ်လို့ ပြောရင် မှားမယ်မထင်ပါဘူး၊ စာရေးသူရဲ့ အတွေးက နုနယ်သည် ဖြစ်စေ၊ စာဖတ်သူတွေက ရင့်ကျက်နေသည်ဖြစ်စေ၊ ရှုထောင့်အမျိုးမျိုးကတော့ မြင်တတ်ကြတာ လူ့သဘာဝရဲ့ အကျင့်တစ်ခုပါ။ သံယုတ္တနိကာယ် ကောသလသံယုတ်မှာ ကောသလမင်းကြီးကို မြတ်စွာဘုရားက မိန့်ထားတာ ရှိပါတယ်။
မြတ်စွာဘုရားက မင်းကြီး သုံးပါးသောတရားတို့သည် သတ္တ၀ါ၏ကိုယ်တွင်း၌ ဖြစ်ကုန်သည် ရှိသော် အစီးအပွားမရှိခြင်းငှာ ဆင်းရဲခြင်းငှာ ချမ်းသာစွာမနေရခြင်းငှာ ဖြစ်ကုန်၏။ လိုချင်မှု လောဘတရား၊ ဒေါသတရား၊ မောဟတရားတို့သည် သတ္တ၀ါ၏ ကိုယ်တွင်း၌ ဖြစ်သည်ရှိသော် အခွံသာလျှင် အနှစ်ရှိသော (၀ါးပင်၊ ကျူပင် စသော) အပင်ကို မိမိအသီးသည် ညှင်းဆဲ ဖျက်ဆီးသကဲ့သို့ လောဘ၊ ဒေါသ၊ မောဟ တရားတို့သည် မကောင်းသောစိတ်ရှိသော သတ္တ၀ါကို အစီးအပွား မရှိခြင်းငှာ မချမ်းသာခြင်းငှာ ညှင်းဆဲဖျက်ဆီးကုန်၏လို့ မိန့်တော်မူခဲ့ပါတယ်။ ဤတရားတွေဟာ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂါတ်အတွက် ကျိုးမရှိတာ ကောင်းတယ်လို့ မိန့်တော် မူခဲ့ပါတယ်။
အလားတူပဲ သံယုတ္တနိကာယ် ကောသလသံယုတ် ပိယသုတ်မှာ ကောသလမင်းကြီးက မြတ်စွားဘုရားကို လျှောက်ထားခဲ့ပါတယ်။ အရှင်ဘုရား အဘယ်သူတို့သည် မိမိကိုယ်ကို ချစ်အပ်သည် မည်ပါသနည်း၊ အဘယ်သူတို့သည် မိမကိုယ်ကို မချစ်အပ်ပါသနည်းအကြင်သူတို့သည် ကိုယ်ဖြင့် မကောင်းသော အကျင့် ကာယဒုစရိုက် သုံးပါးကို ကျင့်ကုန်၏ နှုတ်ဖြင့် မကောင်းသောအကျင့် ၀စီဒုစရိုက် လေးပါးကို ကျင့်ကုန်၏၊ စိတ်ဖြင့် မနောဒုစရိုက် သုံးပါးကို ကျင့်ကုန်၏ ထိုသူတို့သည် မိမိကိုယ်ကို ချစ်အပ်သည် မမည်၊ ငါတို့သည် မိမိကိုယ်ကို ချစ်အပ်၏ဟု အကယ်၍ ဆိုစေကာမူ၊ ထိုသူတို့သည် မိမိကိုယ်ကို ချစ်အပ်သည်မမည် ထိုသို့ဖြစ်ခြင်း သည် အဘယ်အကြောင်းကြောင့်ပါနည်းလို့ ကောသလမင်းကြီးက မြတ်စွာဘုရားကို လျှောက်တင်ခဲ့ ပါတယ်။ မြတ်စွာဘုရားက မင်းကြီး မိမိကိုယ်ကို ချစ်သောသူသည် ကိုယ့်ဖြင့် မကောင်းသော ကာယဒုစရိုက် နှုတ်ဖြင့် ပြုအပ်သော မကောင်းသော ၀စီဒုစရိုက် စိတ်ဖြင့်ပြုအပ်သော မကောင်းသော မနောဒုစရိုက် ရှောင်ကြဉ်ကြကုန်၏။ မိမိကိုယ်ကို မကောင်းမှုဖြင့် မစွန်းထင်းစေရာ။ ကာယဒုစရိုက်၊ ၀စီဒုစရိုက်၊ မနောဒုစရိုက်တို့သည် အခုရော နောင်ပါ မကောင်းသဖြင့် နှိပ်စက်အပ်ကုန်၏။ ဒီတရားတွေ ဘ၀တစ်ခုမှာ ကြာကြာကိန်းအောင်းနေမယ်ဆိုရင် ကောင်းကျိုး မဖြစ်လာနိုင်သလို ဆိုးကျိုးများသာ ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိအတွက် သူတပါး အတွက် အကျိုးမရှိရင် မရှိတာပဲ ကောင်းပါတယ်။
မိမိလက်ရှိလုပ်ကိုင်နေသော အလုပ်ဟာ ကိုယ့်အတွက် သို့မဟုတ် သူတစ်ပါးအတွက် ဒါမှမဟုတ် မိမိအတွက် သူတစ်ပါးအတွက် အကျိုးရှိသော အလုပ်ကိုသာ ရွေးပြီး လုပ်သင့်ပါတယ်။ လောက၌ လူလေးမျိုးရှိ၏ အလုပ်ကို ကိုယ်တိုင်မလုပ်ပဲ သူများကို အားပေးအားမြှောက်လုပ်တဲ့လူ။ သူတပါးကိုလည်း အားပေးအားမြှောက်မလုပ်၊ ကိုယ်ကိုယ်တိုင်လည်း မလုပ်သူ။ ကိုယ်တိုင်လုပ်ပြီး သူများကို အားပေးအားမြှောက်မလုပ်သူ။ မိမိကိုယ်တိုင်လည်း အလုပ်လုပ် သူတပါးကိုလည်း အားပေးအားမြှောက် လုပ်တဲ့သူရယ်လို့ လေကမှာ လူလေးမျိုးရှိပါတယ်။ ယခုလက်ရှိ အလုပ်သည် မိမိအတွက် သူတစ်ပါးအတွက် ဘယ်လောက်အကျိုးတယ်ဆိုတာ စဉ်းစားသင့်ပါတယ်။ မိမိကိုယ်ကို ချစ်ရင် စိတ်ထားမှန်ဖို့ အရေးကြီးတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ဒါပေမယ့်လည်း တစ်ခါတစ်ခါ အပေါင်းအသင်းကြောင့် မဟုတ်တဲ့က်မှာ ပျော်မွှေ့တတ်ကြတာလည်း လူ့သဘ၀တစ်ခုပါ။ လူ့ပတ်ဝန်းကျင်တစ်ခုမှာ အပြစ်ကင်းစင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ဆိုတာလည်း အင်မတန် ခက်ခဲတဲ့ အရာတစ်ခုပါ။
နိဂုံးအနေနဲ့ သူတော်ကောင်း သူမြတ်လောင်းတွေက သစ်သီးရှိတဲ့ သစ်ပင်နဲ့ သစ်သီးမရှိတဲ့ သစ်ပင်ကို ဥပမာယူပြီး အသီးအရွက်နဲ့ ပြည့်စုံတဲ့ သစ်ပင်တွေက လောက မျက်စိနဲ့ ကြည့်လို့ကောင်း ပေမယ့် အရိုက်အပုတ်ခံရတာကို သံဝေဂယူကာ လူသူနဲ့ ဝေးတဲ့နေရာ ထွက်ပြီး မြတ်သောအကျင့်ကို ကျင့်ကြတယ်။ လူတိုင်းလူတိုင်းဟာ ကိုယ်နဲ့ သင့်တော်တဲ့ အလုပ်ကို လုပ်နေကြတာမှန်ပေမယ့် မိမိကိုယ် မိမိ တကယ်ချစ်ရင် စိတ်ထားမမှားဘို့နှင့် မိမိအတွက် သူတစ်ပါး အတွက် အဆင်မပြေရင် မိမိအပြုအမူ စိတ်နေသဘောထားကို ပြောင်းနိုင်ရင် အကောင်းဆုံးပါ။ မိမိဘ၀ရော မိမိအပေါင်းအပါ ဘ၀ကိုပါ ပစ္စပ္ပုန်၊ အတိတ်၊ အနာအဂါတ် အတွက် အကျိုးမရှိတဲ့ ကိစ္စရပ်တွေကို စဉ်းစား သုံးသပ်နိုင်ပြီး လောဘမီး၊ ဒေါသမီး၊ မောဟမီး ကင်းအောင်ကြိုးစားကာ၊ ကာယဒုစရိုက်၊ ၀စီဒုစရိုက်၊ မနောဒုစရိုက်တို့မှ ရှောင်ရှားနိုင်ကြပါစေ။ ။
(မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ဖြူအောင်စိတ်ကိုထား၊)

No comments:

Post a Comment