Tuesday, May 17, 2011

ကောင်းမှုပြုရန်မနှေးသင့်


ဇေတ၀န်ကျောင်းတော်၌ ဘုရားရှင်သီတင်းသုံးနေတော်မူစဉ် တစ်ထည်တည်းသာရှိသော အပေါ်ရုံပုဆိုးကို လှူဒါန်းသော ပုဏ္ဏားကို အကြောင်းပြု၍ ဤ ဒေသနာတော်ကို ဟောကြားတောမူ၏။ သာဝတ္ထိမြို့တော်မှ ပုဏ္ဏားလင်မယားနှစ်ယောက်တို့တွင် ခါးဝတ်တစ်ထည်စီသာ ရှိကြ၏။ အပေါ်ရုံပုဆိုးကား နှစ်ယောက်လုံးအတွက် တစ်ထည်တည်းသာ ရှိကြ၏။ ထိုသို့ဖြစ်၍ သူ့ကို လူအများက ဧကသာဋကပုဏ္ဏားဟုခေါ်ကြ၏။ သူတို့မှာ အပေါ်ရုံတထည်တည်းသာ ရှိကြသဖြင့် နှစ်ယောက်စလုံး အပြင်မထွက်နိုင်ပေ။ အပေါ်ရုံပုဆိုးကို တစ်ယောက်က ခြုံ၍ ထွက်သွားလျှင် တစ်ယောက်မှာ အိမ်ထဲတွင် နေရစ်ရလေသည်။
တစ်နေ့သ၌ ဇေတ၀န်ကျောင်းတော်တွင် တရားပွဲကြီးကျင်းပလေရာ နှစ်ယောက်စလုံး တရားနာရန် သွားလိုပါသော်လည်း သွား၍ မဖြစ်နိုင်သဖြင့် နေ့ခင်းမှာ ပုဏ္ဏားမသွား၍ တရားနာ၏။ ညတရားပွဲမှာကား ပုဏ္ဏားတရားနာခွင့်ရ၏။ ပုဏ္ဏားသည် ဘုရားရှင်၏ တရားတော်ကို ကြားနာရရင်း တစ်ကိုယ်လုံးတွင် နှစ်သိမ့်ခြင်းပီတိတို့ ပျံ့နှံ့ကာ တစ်ထည်တည်းရှိသော အပေါ်ရုံကို လှူချင်သော သဒ္ဓါတရား ပေါ်ပေါက်လာ၏။ ထိုသဒ္ဓါတရားနောက်တွင် မလှူရက်သော နှမျောတွန့်တိုစိတ်များက လွမ်းမိုးလာကြ၏။ ဤသို့ဖြင့် လှူချင်သော သဒ္ဓါတရားပေါ်လိုက်၊ မလှူချင်သော ၀န်တိုစိတ်များ ပေါ်လိုက်ဖြင့် ညဥ့်ဦးယာမ် သန်းခေါင်ယာမ်တို့ကို ကျော်လွန်သွားခဲ့၏။ ပစ္ဆိမယာမ်သို့ရောက်၍ လှူလိုသောသဒ္ဓါတရားလေး ပေါ်ပေါက်လာသည်တွင်ကား ပုဏ္ဏားသည် မိမိစိတ်ကို တိတိပြတ်ပြတ်ဆုံးဖြတ်ပြီးလျှင် တစ်ထည်းသော အပေါ်ရုံ ပုဆိုးကို ဘုရားရှင် ခြေတော်ရင်းသို့ချကာ “ငါအောင်ပြီ၊ ငါအောင်ပြီ” ဟူ၍ သုံးကြိမ်တိုင်တိုင် ကြွေးကြော်လိုက်လေသည်။
ထိုတရားပွဲ၌ ကောသလမင်းကြီးလည်း တရားနာလျက်ရှိရာ ထိုအသံကို ကြားရသဖြင့် “ဘာကို အောင်သနည်း” ဟု မင်းချင်းတို့အား မေးမြန်းစေ၏။ ပုဏ္ဏားထံမှ အကြောင်းမှန်ကို သိရသောအခါ “ပြုနိုင်ခဲသော အမှုကို ပြုပေစွ”ဟု ဆိုကာ  ပုဏ္ဏားအား ပုဆိုးတစ်စုံကို ဆုချ၏။ ပုဏ္ဏားကလည်း ဆုကိုခံယူပြီးလျှင် ဘုရားရှင်ထံ ဆက်ကပ်လိုက်၏။ မင်းကြီးကလည်း တစ်ဆထက်တစ်ဆတက်၍ ဆုချပြန်၏။ ပုဏ္ဏားကလည်း ဆုရလေသမျှကို ဘုရားရှင်ထံချည်း လှူဒါန်း၏။ တစ်ဖန် တစ်ဆတက်၍ ပုဆိုးသုံးဆယ့်နှစ်စုံ ဆိုချသည်တွင်ကား မင်းကြီး၏ အထင်လွဲမှုကို မခံရစေရန် နှစ်စုံကို မိမိတို့လင်မယားအတွက် ယူ၍ ကျန်သော ပုဆိုးအစုံသုံးဆယ်က လှူဒါန်းလိုက်၏။ တစ်ဖန် ကောသလမင်းကြီးက ကမ္ဗလာနှစ်ထည်ကို ဘုရားရှင်သီတင်းသုံးသော နေရာ၏အထက်တွင် မျက်နှာကြက် ကြက်၍ တစ်ထည်တည်းကိုကား မိမိအိမ်သို့ ဆွမ်းခံကြွသော ရဟန်းထိုင်သော နေရာ၏ အထက်တွင် မျက်နှာကြက် ကြက်ထားလိုက်လေသည်။
ကောသလမင်းကြီးသည် ညနေချမ်းအချိန်၌ ဘုရားရှင်ထံသွားရောက်ဖူးမြင်ကာ မိမိဆုချထားသော ကမ္ဗလာဖြင့် မျက်နှာကြက် ထားသည်ကို တွေ့မြင်ရသဖြင့် ဆင်လေးစီး၊ မြင်းလေးစီး၊ အသပြာလေးထောင်၊ မိန်းမလေးယောက်၊ ကျွန်မလေးယောက်၊ ကျွန်ယောက်ျားးလေးလေးယောက်၊ ရွာကြီးလေးရွာဟူသော လေးခုနှစ်လီဆုတော်ကြီးများကို ချီးမြင့်လိုက်လေသည်။ တရားသဘင်၌ ရဟန်းတို့သည် ဧကသာဋကပုဏ္ဏား၏ ကုသိုလ်ကံ အကျိုးပေးကောင်းပုံကို ပြောဆိုနေကြစဉ် ဘုရားရှင် ကြွလာတော်မူပြီးလျှင် ထိုစကားနှင့် ဆက်စပ်၍ တရားစကား ဟောကြားတော်မူလိုသဖြင့် အောက်ပါဒေသနာတော်ကို ဟောကြားတော်မူလေသည်။
စိတ်သည် မကောင်းမှု၌ မွေ့လျှော်တတ်၏။ မကောင်းမှု ပြုသောသူအား နုံ့နှေးတတ်ရကား ထိုစိတ်ကို မကောင်းမှုမှ တားမြစ်ရာ၏။ ကိုသိုလ်ကောင်းမှုကို စောစွာလျှင် ပြုရာ၏။

No comments:

Post a Comment