Thursday, January 20, 2011

ဘာကို ပိုင်ဆိုင်ထားတာလဲ


ပိုင်ဆိုင်ခြင်းနှင့်ပတ်သတ်၍ စဉ်းစားကြည့်မိ၏။ သက်ရှိအချင်းချင်း တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် ပိုင်ဆိုင်မှု၊ သက်မဲ့ဝတ္ထုပစ္စည်းတို့အပေါ် သက်ရှိတို့က ပိုင်ဆိုင်သည်ဟု သတ်မှတ်ထားမှုတို့သည် လောကအလယ်၌ ပြန့်ကျယ်လှစွာ၏။

ပိုင်ဆိုင်ခြင်း၊ ပိုင်ဆိုင်မှု၊ ပိုင်ဆိုင်လိုမှု၊ ပိုင်ဆိုင်ခွင့် စသည်တို့ကြောင့်ပင် အမှုတပေါင်းတို့ ရှုပ်ထွေး၍ အကျယ်ကျယ် မငြိမ်းဖွယ်တို့သည် လောကသားတို့အား အုပ်မိုးထားသည်သို့ ရှိနေလေသည်။ ငါပိုင်ဆိုင်သည့်ကား၊ ငါပိုင်ဆိုင်သည့် ငွေကြေး၊ ပိုင်ဆိုင်သည့် ရွှေငွေရတနာ၊ ငါပိုင်ဆိုင်သည့် ကျောက်သံ ပတ္တမြား၊ သူပိုင်ဆိုင်သည့် လုပ်ငန်း၊ ငါပိုင်ဆိုင်သည့်နေရာ၊ သူပိုင်ဆိုင်သည့် လုပ်ပိုင်ခွင့်… စသည်ဖြင့် သက်မဲ့ပစ္စည်းနှင့် ပစ္စည်းဒြပ်ထု အဖြစ်မမြင်ရသော ရာထူး၊ အာဏာ၊ လုပ်ပိုင်ခွင့်စသည်တို့ အပေါ်၌ပင် သတ်မှတ်ထားချက်တို့သည် သက်ဆိုင်ရာ ပုဂ္ဂိုလ်အသီးသီး၏ စိတ်နှလုံးအိမ်၌ အစွဲပညတ်ချက်တို့ကို သံမှိုနှက်ထားသကဲ့သို့ ရှိလေ၏။ သက်ရှိဖြစ်သည့် လူသားအချင်းချင်းတို့အပေါ်တွင်မူ အစွဲက ထိုထက်ပိုချေတော့မည်။ ငါ့သား၊ ငါ့သမီး၊ ငါ့မယား၊ ငါ့ဆွေမျိုး၊ ငါ့တပည့်၊ ငါ့ဆရာ၊ ငါ့အသိုင်းအ၀ိုင်း၊ ငါ့မိသားစု… အယုတ်ဆုံး အိမ်မွေးတိရစ္တာန်လေးက အစ ငါ့ခွေး၊ ငါ့ကြောင် စသည်ဖြင့် လောက ပညတ်ချက်တို့ကြောင့် စိတ်နှလုံးအိမ်အတွင်း စူးဝင်နေသော ‘ အစွဲ ’ တွေကား ရေတွက်၍မကုန်။

လူ့ဘ၀ရောက်လာ၊ လောကသတ်မှတ်ချက်ရေစီးကြောင်းထဲ မျောပါ၊ ရေးစီးကြောင်းသုံး ဝေါဟာရတွေနှင့် ပျော်မဆုံး၊ မော်မဆုံး၊ တပြုံးပြုံးနှင့် ရှိခဲ့လေသမျှ မိမိနေခွင့် သတ်တမ်းကုန်ဆုံးသောအခါ မည်သည့်ပိုင်ဆိုင်မှုကို ယူသွားမည်းလဲဟု မိမိကိုယ်ကို စမ်းမေးကြည့်လေလျှင်…။ သေလွန်ပြီးသည့်တိုင်အောင် ကျန်ရစ်ခဲ့သူတို့အား အသံတိတ်စကားပြောသွားခဲ့သော အမတ်ကြီးဦးပေါ်ဦး၏ ‘ ခေါင်း ’ အပြင်ဘက် လက်တစ်ဖက်ထုပ်ပြသွားခဲ့ပုံသည် မမေ့နိုင်စရာ။ လက်ထဲတွင် ဘာမျှမရှိ။ ဘာမျှယူသွား၍ မရ။ အသက်ရှင်နေစဉ် ပိုင်ဆိုင်သည်ဟု ထင်ထားခဲ့လေသမျှ တစ်ထုပ်တစ်ပိုက်တို့သည် အလောင်းကောင်ဘ၀ ရောက်သောအခါ လက်ထဲတွင် ဗလာနတ္ထိ။ ချန်ထားခဲ့ရမှာတွေ အတွက်အချိန်အများကြီးပေး၊ အစွဲတွေအများကြီး အ၀င်ခံ၊ ပညတ်ဆူးတွေ နုတ်မရအောင် ပွစာကြဲခဲလေသမျှ၊ လားရာဂတိ အပါယ်လေးဘုံကား အသင့်ကြိုလင့်ချေပြီ။ ယူသွားရမည့် ကုသိုလ်ကံအရှိန်အဟုတ်သတ္တိ သတိတရားကိုမူ အလေ့အကျင့် ယူ၍ မထူထောင်ထားခဲ့လေသမျှ သေပေါက်သေ၀ရောက်မှ ကပ်၍ထူထောင်လေ့ကျင့်ချိန်လည်း မရတော့ပြီ။ ပိုင်ဆိုင်ခြင်းနှင့် ပတ်သတ်၍ ပြင်ပ ဗဟိဒ္ဓ သတ်မှတ်ချက်တို့သည်ပင် စိတ်နှလုံးအိမ်အတွင်း၌ နုတ်မရသော ဆူးအဖြစ်၊ စူးနစ်ဝင်စေသကဲ့သို့ သံဝေဂ ဥာဏ်ထင်ဟပ်၍ တရားရှာ၊ တရားအားထုတ်၊ တရားအလုပ်လုပ်နေသူတို့၌လည်း အတွင်းအဇ္ဇျတ္တ ပညတ်ဆူးတို့ စူးဝင်နိုင်သေးသည်ကို သတိပြုမိရန် လို၏။ ငါတရာရှာနေတယ်၊ ငါတရားရနေပြီ၊ ငါရထားတဲ့တရား၊ ငါပိုင်ဆိုင်ထားတဲ့တရား စသည်ဖြင့် ဥာဏ်မျက်စိဖြင့် မြင်နိုင်သော တရားကိုပင် မူပိုင်ခွင့်၊ ပိုင်ဆိုင်ခွင့်တွေ သတ်မှတ်လိုကြသည့် ယောဂီတို့လည်း ရှိတတ်ကြ၏။ သံသရာမှ လွတ်မြောက်ရာ၊ အေးငြိမ်းရာ၌ ထာဝရခိုလှုံခွင့်ရရာ အခွင့်အရေးသည် အခြားမဟုတ်။ ပိုင်ဆိုင်သည် ဟူသော အစွဲအမှန်သမျှ ဖြုတ်ခဲ့ခြင်းပေတည်း။ နစ်ဝင်နေသော ပညတ်ဆူးမှန်သမျှ ‘ နုတ် ’ ဟုခြင်းပေတည်း။
ဤနေရာတွင် မူလပဏ္ဏာပါဠိတော်လာ အလဂဒ္ဒူပမသုတ်မှ ဘုရားရှင်၏ အဆုံးအမကို နားနှင့် ဆက်ဆက်ကြားသည်သို့ ကြားယောင်လာမိ၏။
ရဟန်းတို့-
ဤဇေတ၀န်ကျောင်းတော်၌ အကြင်မြက်၊ သစ်သား၊ သစ်ရွက်၊ သစ်ခက်သည် ရှိ၏။ ၄င်းတို့ကို လူအပေါင်းသည် ယူဆောင်လျှင်လည်းကောင်၊ မီးရှို့လျှင်လည်းကောင်း အလိုရှိသလို ပြုမူလျှင်လည်းကောင်း ‘ ငါတို့ကို လူအပေါင်းက ယူဆောင်ကြသည်၊ မီးရှို့ကြသည်၊ အလိုရှိသလို ပြုကြ၏ ’ ဟူသော အကြံအစည်သည် ဖြစ်သလော ဟု (မေးတော်မူ၏။)
အရှင်ဘုရား- ထိုသို့မဖြစ်ပါဟု လျှောက်ကြကုန်၏။ ထိုသို့မဖြစ်ခြင်းသည် အဘယ်ကြောင့်ပါနည်း။
အရှင်ဘုရား- ဤမြက်၊ သစ်သား၊ သစ်ခက်၊ သစ်ရွက်သည် တပည့်တော်တို့၏ ကိုယ်သည်လည်းကောင်း၊ ကိုယ်ပိုင်ဥစ္စာသည်လည်းကောင် မဟုတ်သောကြောင့်ပါတည်း…။
ရဟန်းတို့ ဤအတူပင် သင်တို့၏ ဥစ္စမဟုတ်သော တရားကိုပယ်စွန့်ကြကုန်လော့၊ ထိုတရားကိုပယ်စွန့်သော် သင်တို့မှာ ရှည်ကြာစွာသော ကာလပတ်လုံး စီးပွားခြင်း၊ ချမ်းသာခြင်းငှာ ဖြစ်လတ္တံ့။
ရဟန်းတို့-
အဘယ်တရားသည် သင်တို့၏ ဥစ္စာမဟုတ်လေသနည်း။
“ ရုပ်” သည် သင်တို့၏ ဥစ္စာမဟုတ်။ ထိုရုပ်၌ဖြစ်သော ဆန္ဒရာဂကို ပယ်စွန့်သော် သင်တို့မှာ ရှည်ကြာသော ကာလပတ်လုံး စီးပွားခြင်း၊ ချမ်းသာခြင်းငှာ ဖြစ်လတ္တံ့။
ခံစားခြင်း “ဝေဒနာ” သည် သင်တို့၏ ဥစ္စာမဟုတ်၊
မှတ်သားခြင်း “သညာ” သည် သင်တို့၏ ဥစ္စာမဟုတ်။
 ပြုပြင်စီရင်မှု “သင်္ခါရ” သည် သင်တို့၏ ဥစ္စာမဟုတ်။
အထူးသိမှု “၀ိညာဏ” သည် သင်တို့၏ ဥစ္စာမဟုတ်။ ၄င်းတို့ကို ပယ်စွန့်သည်ရှိသော် သင်တို့မှာ ရှည်ကြာသော ကာလပတ်လုံး စီးပွားခြင်း၊ ချမ်းသာခြင်းငှာ ဖြစ်လတ္တံ့။
ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားတော်မူသော နူတ်တော်ထွက် တရားစကားပင်တည်း။
တရားရှာ၊ တရားအားထုတ်၊ တရားအလုပ်လုပ်နေခြင်းတည်းဟူသော တရာလုပ်ငန်းသည် ပိုင်ဆိုင်မှု သတ်မှတ်ချက် လောကပညတ်ထဲမှ ခွဲထွက်ကာ ပိုင်ဆိုင်လိုစိတ် ဖြစ်ခဲ့သမျှကို ပြန်လည်လေ့လာ နေခြင်းလည်း ဖြစ်၏။ သည့်နောက် ပိုင်ဆိုင်တာဟူ၍ မရှိ။ အသိတရားပင့်ဖြစ်ပေါ်လာဖို့ပင်။ ထိုသောအခါ ပိုင်ဆိုင်ခြင်း၊ ပိုင်ဆိုင်မှု၊ ပိုင်ဆိုင်ခွင့် ဆိုသည်ကို စွန့်လွှတ်နိုင်မည့် ဥာဏ်အဆင့်တွေရင့်ကျက်လာပေမည်။ ကိုယ့်နာမည် အမည်ပေးထားသော ကိုယ့်ခန္ဓာ၊ ကိုယ့်ရုပ်၊ ကိုယ်နာမ်တို့သည်ပင်လျှင် ကိုယ်ပိုင်သော အရာမဟုတ်၊ သဘာဝတရား သက်သက်မျှသာ ဟူသော အသိတည်းဟူသော သတိတရားကို တည်ဆောက်နိုင်ပြီဆိုလျှင် ဘုရားရှင်မိန့်တော်မူ သကဲ့သို့ ရှည်ကြာသော ကာလပတ်လုံး စီပွားခြင်း၊ ချမ်းသာခြင်း ဖြစ်နေတော့မည်မှာ မလွဲဧကန်ပါတည်း။ ။


No comments:

Post a Comment