Tuesday, March 1, 2011

ထေရ၀ါဒသည် တစ်ကိုယ်ကောင်းဆန်ဝါဒလော့

ဗုဒ္ဓသာသနာတွင် ထေရ၀ါဒနှင့် မဟာယနဟူ၍ ဂိုဏ်းကွဲကြီးနှစ်ခုက သိသာထင်ရှားစွာ တည်ရှိနေပေသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီး နှစ်တရာကျော်မှာ ဝေကာရာမကျောင်းတိုက် ဝေသာလီမြို့နားမှာ ဒုတိယသံဃာနယကို တင်ခဲ့ကြပါတယ်။ အဲဒီမှာတင် (Hinayana-ထေရ၀ါဒ) Mahāyana -မဟာယနလို့ စတင်ကွဲသွားတယ်လို့ စာပေကိုလေ့လာရင်း သိခဲ့ရပါတယ်။ Hinayana- ဆိုသည်ကား ငယ်သောယာဉ်၊  Mahāyana- ကြီးသောယာဉ်ဟု အဓိပ္ပါယ်ရသည်။ တနည်း ထေရ၀ါဒ (southern Religion) မဟာယန ( western Religion) ဟုလည်း စာပေမှာ သုံးတာကို တွေ့ရပါတယ်။ အနောက်တိုင်းသားတို့သည် ယင်းဂိုဏ်းကွဲကြီးနှစ်ခု၏ ပိဋကတ်ကျမ်းစာတို့အနက် မဟာယနကျမ်းစာတို့နှင့်သာ ဦးစွာတွေ့ထိမှုရှိခဲ့သည်။ ထိုကြောင့် အထက်ကသုံးခဲ့သည့်အတိုင်း western Religion လို့ အသုံးပြုကြသည်။ ထိုအပြင် မဟာယန၀ါဒသည် အနောက်တိုင်းသားတို့၏ မူလဘာသာအယူဝါဒနှင့် အခြေခံသဘောတရားချင်း အတော်အတန်နီးစပ်သည်ဖြစ်ရာ ကမ္ဘာ့အနောက်ခြမ်းတွင် ထေရ၀ါဒထက် ဦးစွာရောက်ရှိခဲ့သလို တွင်ကျယ်မှုလည်း များစွာရှိခဲ့ပေသည်။
မြန်မာနိုင်ငံမှာကား အနော်ရထာမင်းလက်ထက်မှ စ၍ မဟာယန၀ါဒမှေးမှိန်ခဲ့ပြီး ထေရ၀ါဒက “စံ” အဖြစ်တည်ရှိလာခဲ့သည်။ မဟာယနအယူအချို့နှင့် မိရိုးဖလာဓလေ့ထုံးစံအချို့ကို ခံယူကျင့်သုံးမှုရှိစေကာမူ မြန်မာနိုင်ငံသား တိုင်းရင်းသား ဗုဒ္ဓဘာသာဝင်များအဖြစ်သာ ခံယူထားကြသည်။ သို့သော် ဒဿစာပေကို အထုံဝါသနာကြီးစွာ လေ့လာလိုက်စားတတ်ပြီး အနောက်တိုင်းစာပေနှင့်လည်း အတော်အတန် နီးစပ်သူတို့အနက် အချို့မှာကား မြန်မာနိုင်ငံမှာ  ဗုဒ္ဓဘာသာဝင် ကျမ်းတတ်ပညာရှင်များရေးသားပြုစုထားသည့် ဗုဒ္ဓ၀ါဒ ဆိုင်ရာ သုတေနသန ပြုချက်များကို ဖတ်ရှုလေ့လာရင် မိမိတို့ မိရိုးဖလာ ကိုးကွယ်ခဲ့သော ထေရ၀ါဒ ဗုဒ္ဓဘာသာအပေါ် နဂိုမူလထက် ပို၍ ကြည်ညိုလေးစားကာ ဗုဒ္ဓစာပေ၏ အနှစ်သာရကို နားလည်သဘောပေါက်သွားကြသလို အခြားတစ်ဖက်တွင်လည်း ထေရ၀ါဒ ဗုဒ္ဓဘာသာသည် တစ်ကိုယ်ကောင်းလွတ်မြောက်ရေး ၀ါဒ၊ တစ်ကိုယ်တော်ဝါဒဟု ထင်မြင်ယူဆကာ ဝေဖန်ရှုတ်ချပစ်ပယ်မှု ပြုလိုသူများလည်း ရှိလာခဲ့သည်။
သူတို့၏ အဓိကအကြောင်းပြချက်မှာ ထေရာဝါဒသည် မဂ်ဖိုလ် နိဗ္ဗာန်ကို မျက်မှောက်ပြုရေးသားတည်းဟူသော တစ်ကိုယ်တော်လွတ်မြောက်မှုကိုသာ အရေးတကြီး ပန်းတိုင်အဖြစ် သတ်မှတ်ထားသည်။ အများသူငါ မျက်မှောက်ပြု ကြုံတွေ့နေရသော လောကီပြဿနာအထွေထွေကို ကူညီဖြေရှင်းပေးရန်ကား တာဝန်မယူလျစ်လျူရှုထားသည့် အယူဝါဒ ဖြစ်သောကြောင့်ဟုဆိုသည်။
ဗုဒ္ဓသည် ဘုရားမဖြစ်မှီ ဗောဓိသတ္တဘ၀ဖြင့် သံသရာတွင် ကျင်လည်ကျက်စားရင် ဖြစ်ရာဘ၀၌ သတ္တ၀ါတို့ လောကီအကျိုအတွက် စွန့်ခြင်းကြီးများစွာ စွန့်လွှတ်ခြင်းဖြင့် ပါရမီဖြည့်ကျင့်ခဲ့သည်။ နောက်ဆုံးဘ၀တွင်သာ ဗောဓိဥာဏ်ကို မျက်မှောက်ပြုပြီး ဘုရားအဖြစ်ခံယူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓ၏ နောက်လိုက် ဗုဒ္ဓဘာသာဝင်တိုင်းသည် လောကုတ္တရာကိစ္စဖြစ်သော ၀ိပဿနာတရား အားထုတ်ခြင်းဖြင့် ဤတစ်ဘ၀တည်းနှင့် သံသရာဇာတ်သိမ်းကာ နိဗ္ဗာန်မဂ်ဖိုလ်ကို မျက်မှောက်ပြုမည့်အစား လူသားအကျိုးပြု လောကီကိစ္စများတွင် ပါဝင်လုပ်ကိုင်ခြင်းဖြင့် ပါရမီဖြည့် ကျင့်သင့်သည်။ နောက်ဆုံးဘ၀တွင်မှ ၀ိပဿနာကိစ္စကို ပြုကျင့်ကာ ဘုရားအဖြစ်ခံယူရင်း လောကသားအပေါင်းကို ကယ်တင်စောင့်မသင့်သည်ဟု ယူဆကြသည်။  ပွင့်ပွင့်လင်းလင်းဆိုရလျှင် ၀ိပဿနာတရားအားထုတ်ကာ မဂ်ဖိုလ် နိဗ္ဗာန် မျက်မှောက်ပြုရေးလမ်းစဉ်ကို လိုက်နာကျင့်သုံးနေသူတို့အား တစ်ကိုယ်ကောင်းသမားဟု ယူဆကြခြင်းပင် ဖြစ်သည်။ တစ်ကိုယ်ကောင်းလမ်းစဉ်ဖြစ်သဖြင့် နိမ့်ကျသည်။ ထိုကြောင့် ထေရ၀ါဒ ဗုဒ္ဓဘာသာကို ဟိန (နိမ့်ကျသော+ ယုတ်လျော့သော+ ငယ်သော) ယာန လမ်းစဉ် Hinayana ဗုဒ္ဓဘာသာဟု ခေါ်ဆိုခြင်းဖြစ်ကြောင်း အဓိပ္ပါယ်ဖွင့်ကြသည်။

No comments:

Post a Comment