Friday, July 8, 2011

မိဘနှင့် သားသမီး


သားသမီးနှင့် မိဘ၊ မိဘနှင့် သားသမီးရယ်လို့ ကမ္ဘာကြီးစလာ လူရယ်လို့ ဖြစ်လာတည်းက ဒီလိုယှဉ်တွဲလာခဲ့ကြတယ်။ သားသမီးက မိဘအပေါ် မိဘတွေကလည်း သားသမီးများအပေါ်မှာ ချည်နှောင်ထားတဲ့ မျှော်လင့် ချက် (၅ ) ချက်ထားကြတယ်။ ဒီငါးချက်ကို ပါဠိတော်မှာ “ပယ်မ (၀ါ) ပိယ ” လို့ခေါ်တယ် လောကအနေနဲ့ မေတ္တာလို့ ခေါ်တယ်။မေတ္တာနဲ့ ပယ်မ ဟာ အဓိပ္ပါယ်နည်းနည်းကွာတယ်၊ မေတ္တာဆိုတာ ကိုယ့်အတွက် လုံးလုံး မမျှော်လင့်ဘူး၊ သူတပါးရဲ့ အကျိုးကိုလိုလားတဲ့ စိတ်သည် မေတ္တာ၊ ပယ်မ ဆိုတာက ကိုယ်ချစ်တဲ့ လူရဲ့ အကျိုးကိုလည်း လိုလားတယ် ကိုယ့်အတွက် မျှော်လင့်ချက် တွေ လည်းပါတယ် အဲဒါက ပယ်မ၊ပိယလို့လည်းခေါ်တယ်။ ဒီငါးခုကို အုပ်စု နှစ်စု ခွဲကြည့်ကြရအောင်-
အိမ်ရာတည်ထောင်လူ့မှာတော့ မေတ္တာက နည်းပြီးတော့ ပယ်မ ပိယက ပိုများနေတယ်။ သူများအတွက်နည်းပြီးတော့ ကိုယ့်အတွက်များနေတယ်။ မိဘက သားသမီးအပေါ်မျှော်တယ် သားသမီးတွေကလည်း မိဘအပေါ် မျှော်လင့်ပြီးတော့နေကြတယ်။ လေးခုတစ်တွဲက အခုလက်ရှိဘ၀မှာ သားသမီးများက မိဘများ အပေါ် တုန့်ပြန်တဲ့ ကျေးဇူးကို မျှော်တယ်၊ ဘ၀တစ်ပါး ပြောင်းသွားတဲ့ အခါကျတော့ ကျန်ရစ်ခဲ့တဲ့ သားသမီးများက မိဘကို တုန့်ပြန်မယ့် ကျေးဇူးကို မျှော်တာက တစ်ခု၊ ဒီလိုငါးခုရှိတယ်။ ပါဠိတော် အင်္ဂုတရနိကယ် ပဉ္ဖကနိပါတ်မှာ လာတာက “  ဘတော ၀ါ နော ဘရိဿတိ၊ကိစ္စံ ၀ါ နော ကရိဿတိ၊ ကုလ၀ံသော စိရံ ဌဿတိ၊ ဒါယဇ္ဇံ ပဋိပဇ္ဇိဿတိ။ အထ၀ါ ပန ပေတာနံ ကာလင်္ကတာနံ ဒက္ဒိဏံ အနုပဒဿတိ။ ဒီငါးချက်က မိဘတွေက သားသမီးအပေါ် မျှော်လင့်ချက်ပါ။
(၁) အချက်က ငါတို့သည် သားမီးတို့ စောင့်ရှောက် ကျွေးမွေးခဲ့ပြီးပြီ၊ သူတို့လည်း ငါတို့ကို တဖန်စောင့်ရှောက်မွေးကြလိမ့်မည် ငါးမျိုးသေားအကျိုးကို လိုလားလို့ မိဘတွေက သားသမီးတွေကို မွေးမြူထားတယ်။ အဲဒီပျော်လင့်ချက်တွေပြည့်စုံရင် ဒီသားသမီးဟာ သားကောင်းသမီးကောင်းပဲ။ မိဘတွေက ဘယ်လောက်ပဲ သားသမီးအပေါ်မှာ မေတ္တာတွေ၊ စေတနာတွေထား ကျွေးမွေးစောင့်ခဲ့ပါစေ သားသမီးတွေ ပြန်ပြီးတော့ မကျွေးမွေး မစောင့်ရှောင်ရင် သားကောင်းသမီးကောင်းမယ်ဘူး။
(၂) အချက်က မိဘတွေဟာ သားသမီးတွေရဲ့ ကိစ္စကြီးငယ် အသွယ်သွယ်ကို လူမမည် ကတည်း လုပ်လာကြတာ အသက်တွေကြီး အိပ်ရာပေါ်မထလဲနေသည့်တိုင် နှုတ်က လိုက်လုပ်နေကြတယ်၊ အဲလိုပဲ ငါ့တို့ တစ်နေ့ ငါ့တို့ ကိစ္စတွေမလုပ်နိုင်တဲ့ တစ်နေ့ ဒီသားဒီသမီးတွေ ငါ့တို့ ကိစ္စကြီးတွေကို လုပ်ကြလိမ့်မည်ဆိုပြီး မေတ္တာနဲ့ ပိယကို ရောပြီးတော့ သားသမီးတွေအပေါ် ကျွေးမွေးစောင့်ရှောင်ထားကြတယ်။
          (၃) တို့မရှိတဲ့နောက် တို့ ဘိုး၊ ဘွား၊ ဘီ၊ ဘင် အစဉ်အဆက် ထိန်းသိမ်းလာတဲ့ ဘုရား၊ တရား၊ သံဃာ့ ၀တ်ကြီးဝတ်ကြီးဝတ်ငယ်တွေကို အစဉ်မပျက်တည်ရှိအောင် ထိန်းသိမ်းစောင့်ရှောက်ကြလိမ့်မယ်လို့ သားအပေါ်သမီးအပေါ် မျှော်လင့်ကြတယ်။
(၄)  ငါတို့ ရှာဖွေခဲ့တဲ့ ပစ္စည်းဥစ္စာကို ငါ့သားသမီးတွေ ထိန်းသိမ်းစောင့်ကြလိမ့်မယ်လို့ မျှော်လင့် ကြတယ်။ အရပ်ထဲတော့ အမွေခံတယ်လို့ ပြောကြတယ်၊ မိဘရဲ့ အမွေကို ဆက်ခံတာ ၀တ္တရား တစ်ခုလိုဖြစ်နေတယ်။ ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍ ၊ စောင့်လေ မျိုးနွယ် ၀တ်ငါးသွယ် ကျင့်ဖွင့်သားတို့တာ။ “မွေခံထိုက်စေ” ဆိုတာက ထိုက်ကို ဖြုတ်လိုက်ရင် “မွေခံ” လို့ သာမန်ပဲ ရတယ် မိဘရဲ့ အမွေကို ဒီအတိုင်းနေရုံနဲ့ အမွေခံထိုက်တဲ့ သားသမီးမဟုတ်ဘူး အမွေခံထိုက်မှ မိဘရဲ့ အမွေကို ခံရတယ်။ မိဘပေးထားတဲ့ အမွေကို ယူသုံးနေရင် ဒီသားသမီးဟာ တနည်းအားဖြင့် ခိုးသုံးနေတာပဲ ဘယ်သူတွေအမွေခံထိုက်သလဲဆိုတော့ “ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ လှူမျှဝေ၍ ၊ စောင့်လေ မျိုးနွယ်” ဆိုတာကမှ တကယ့် အမွေခံထိုက်ပါတယ်။ 
(၅)  ငါတို့ ကွယ်လွန်သွားပြီးတဲ့နောက် ငါတို့ရှာဖွေခဲ့တဲ့ ပစ္စည်းဥစ္စာတွေကို သူတို့ လည်းသုံး ငါတို့အတွက်လည်း အလှူအတန်းတွေလုပ်ကြလိမ့်မယ်လို့မျှော်လင့်ကြတယ်။ ဒါက နောက်ဆုံးမျှော်လင့်ချက်ပါ။ အထက်က ပြောခဲ့သလိုပဲ ရှေ့လေးပါးက လက်ရှိဘ၀မှာမှာ မျှော်လင့် တောင်းတပြီးတော့နောက်ဆုံးတစ်ပါးကတော့ သံသရာရထားစီးနေတဲ့ အခါ ငါတို့သားတွေသမီးတွေ ဘယ်လေက်များမိဘကျွေးဇူးကိုသိတတ်သလဲဆိုပြီးတော့ လှမ်းပြီးတော့ သူတို့အတွက်ကောင်းမှုပြုကြလိမ့်မည်လို့ သားတွေသမီးတွေ ဆီကနေ နောက်ဆုံးမျှော်လင့်ချက်ကို မျှော်လင့်ကြပါတယ်။ ။
မိဘနဲ့ သားသမီး သားသမီးနဲ့ မိဘ ဘယ်လောက် အပြန်အလှန် ကျေးဇူးများတယ်ဆိုတာကို နားလည်နိုင်ကြပါစေ။ ။
သတ္တ၀ါခမ်သိမ်း၊ အပူကင်း အေးချမ်းသာယာ ရှိပါစေ။ ။

No comments:

Post a Comment