Sunday, July 24, 2011

ဗုဒ္ဓဘာသာ အမြင်ဖြင့် ပတ်ဝန်းကျင်ကို လေ့လာခြင်း


ယနေ့ ကမ္ဘာလောက ဖြစ်ရပ်အထွေထွေကို လေ့လာသုံးသပ်ကြည့်မယ်ဆိုရင် အကောင်းဘက်ကရော၊ အဆိုးဘက်ကပါ၊ အကောင်းအဆိုး နှစ်မျိုးစလုံးမှာ အကြောင်းအကျိုး၊ အဆိုးအကောင်းတွေနဲ့ ဒွန်တွဲနေတယ်။ အကြောင်းတွေကို သုံးသပ်ပြီးတော့ ပေါ်လာတဲ့ အကျိုးတွေကို ကြည့်ရှုတတ်တဲ့ သူဟာ အမှန်သိတဲ့ သမ္မာဒိဋ္ဌိပဲ။ ဗုဒ္ဓဘာသာရဲ့ အစကလည်း သမ္မာဒိဋ္ဌိက စတယ်။ မဂ္ဂင်တရား ၈ပါးမှာ နံပါတ် တစ်မဂ္ဂင်ဟာ သမ္မာဒိဋ္ဌိမဂ္ဂင်ပါ။ အမှန်ကို သိခြင်းဟာ ဗုဒ္ဓဘာသာရဲ့ အစပဲ။  ဘာဖြစ်သလဲ အကောင်းလား အဆိုးလား ဒီနှစ်ခုရဲ့ အဖြေကိုရှာတတ်ရင် အဲဒါ သမ္မာဒိဋ္ဌိပဲ။ ကမ္ဘာလောကမှာ ဘေးဒုက္ခတွေ အမျိုးမျိုး ကြုံတွေ့နေကြရတယ် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငတ်မွတ်ခေါင်းပါးဘေး၊ တိုက်ခိုက် လုယက်မှု၊ နှိပ်စက်တဲ့ဘေး စစ်ဘေးစစ်ဒဏ်၊ အကြမ်းဖက်မှုစတဲ့ ဘေးဒုက္ခအမျိုးမျိုးတွေ အခုကမ္ဘာအရပ်ရပ်ဖြစ်နေကြတယ်။ ဒါတွေဘာကြောင့်ဖြစ်သလ၊ဲ ဘယ်သူကြောင့် ဖြစ်သလဲ၊ ဘယ်သူ ဘယ်ဝါကြောင့် ဖြစ်တယ်လို့ ပုဂ္ဂိုလ်ကို သုံးသပ်ခြင်းသည် တကယ် အမှန်မဟုတ်ဘူး။
ဘယ်တိုင်းပြည၊် ဘယ်နိုင်ငံ၊ ဘယ်ဘာသာ၊ ဘယ်လူမျိုးကမှ ဒီ ပြဿနာပေါင်းစုံကို ဖန်တီး တာ မဟုတ်ဘူး၊ ဒီအဆိုးအကောင်း အကြောင်းအကျိုး အရင်းမှန်ကို ကောင်းစွာနားမလည် သဘောမပေါက်ရင် အဲဒါ မိစ္ဆာဒိဋ္ဌိပဲ။ မကောင်းမှု ဒုစရိုက် (၁၀) ပါးရှိတယ်။ ဒီမကောင်းမှု သတ်ခြင်း၊ ခိုးခြင်း။ လုယက် သတ်ဖြတ်ခြင်း၊ ကာမဂုဏ်ဖောက်ဖြန်မှု စတဲ့ မကောင်းတွေက စပြီးတော့ ဒီပြဿနာ ဖြစ်လာတယ်။ မကောင်းမှုရဲ့ အကြောင်းအရင်းကို လေ့လာသုံးသပ်ရင် သုံးမျိုးပဲ ရှိပါတယ်။ (၁) လောဘ၊ (၂) ဒေါသ၊ (၃) မောဟ၊ ဒုစရိုက် ဆယ်ပါးကို ဒီအကြောင်းအရင်း သုံးပါးက လွန်ကျူးတယ်။ တစ်ခါတစ်ရံမှာ လောဘကြောင့် ဖြစ်တယ်။ တစ်ခါတရံမှာ ဒေါသ ကြောင့် ဖြစ်တယ်။ တစ်ခါတခါမှာ မောဟ ကြောင့် ဖြစ်တယ်။ ဒီလို ဖြစ်နေတဲ့ အကုသိုလ်တရားတွေရဲ့ အခြေခံကတော့ လောဘ၊ ဒေါသ၊ မောဟတွေကြောင့်ပါ။ ဒီအကြောင်းတရား သုံးပါးကို ပဋ္ဌာန်းပါဠိတော်မှာ အားလုံးရွတ်နေကြတဲ့ အတိုင်း  “ဟေတု ပစ္စယော၊” ဟေတု ပစ္စယောဆိုတာနဲ့ ဟိတ်ခြောက်ပါးပါသွားတယ်။ လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ၊ ဟေတု ဆိုတာ အကြောင်းတရား၊ ဘာအတွက်လဲဆိုတော့ ဒီမကောင်းတဲ့ အကြောင်းကြောင့်ပဲ မကောင်းမှုဖြစ်ပေါ်ဖို့အတွက် အကျိုးတရားဖြစ်လာတယ်။ ဒီ လောဘ၊ ဒေါသ၊ မောဟ က မကောင်းတဲ့ အကြောင်းတရားပဲ။
မကောင်းကို ဖန်တီးတာ မူဆလင်မဟုတ်ဘူး၊ ဗုဒ္ဓဘာသာမဟုတ်ဘူး၊ ခရစ်ယန်မဟုတ်၊ ဟိန္ဒူမဟုတ်မဟုတ်ဘူး၊ ဂျူးမဟုတ်ဘူး၊ မကောင်းမှုကို ဖြစ်ပေါ်စေတာ အဓိက အကြောင်းအရင်းက လောဘ။ ဒေါသ၊ မောဟ ကြောင့်ပဲ ဖြစ်တယ်။ လူမျိုးနဲ့ ပဲ ပြောပြော ဘာသာနဲ့ပဲ ပြောပြော နေရာဒေသနဲ့ပဲ ပြောပြော ဒီအခြေခံတရား သုံးပါးက နေရာတိုင်း၊ လူမျိုးတိုင်း၊ ဘာသာတိုင်းမှာ ရှိပါတယ်။  အပေါ်က ဆိုင်းဘုတ်တွေကြောင့်သာ ဗုဒ္ဓဘာသာ၊ မူဆလင်ဘာသာ။ ခရစ်ယန်ဘာသာ၊ ဟိန္ဒူဘာသာ၊ ဂျူးဘာသာလို့ ကွဲသွားတာ၊ ဒီဆိုင်းဘုတ်တွေ အဆင့်အတန်းတွေကို ဖြုတ်လိုက်ရင် အခြေခံသဘောတရားကတော့ အတူတူပါ။ ဗုဒ္ဓဘာသာ ရဲ့ လောဘ၊ ဒေါသ၊ မောဟ၊ကရော ဘာထူးမှာမို့လို့လဲ၊ ကျန်တဲ့ဘာသာတွေနဲ့လည်း အတူတူပဲ၊ အပေါ်က ဆိုင်းဘုတ်တပ်ထားလို့ ဒါက ဗုဒ္ဓဘာသာ လုပ်တာ၊ ဒါက ခရစ်ယန်လုပ်တာ၊ ဒါကမူဆလင်လုပ်တာ၊ ဒါက ဟိန္ဒူလုပ်ဆိုပြီး ဆိုင်းဘုတ်တွေကွဲသွားလို့သာ မုန်းတီးခြင်း၊ ပြိုင်ဆိုင်ခြင်းတွေ ပိုများလာတယ်။ အကြောင်းတရားအမှန်ကို မသိရင် ဖြေရှင်းဖို့ခက်ပါတယ်၊ ဘယ်သူဘယ်ဝါလို့ စွက်စွဲနေကြရင် ပိုဆိုးလာဖို့ပဲ ရှိတယ်။ လောဘ၊ ဒေါသ၊ မောဟတွေ ပိုများလာလေလေ ပိုပြီင်္းတော့ ဒုက္ခတွေများလာလေလေပဲ။
အဲဒါတွေကတော့ မိစ္ဆာဒိဋ္ဌိတွေလုပ်နေတာ၊ အမှန်ကိုသိတဲ့လူတွေကတော့ ယနေ့ ကမ္ဘာမှာ မကောင်းမှုတွေများနေတယ် ဒါတွေဘယ်ကနေ အရင်းခံလာသလဲလို့ ကြောင်းစွာ နားလည် သဘောပေါက်တဲ့လူတွေက အမှန်ကို သိတဲ့ သမ္မာဒိဋ္ဌိပဲ။ အဖြေမှန်ကို တကယ်သိသွားရင် ပြဿနာကို ဖြေရှင်းဖို့ လွယ်သွားတယ်။ မကောင်းမှု အခြေခံတရားကို မသိဘဲနဲ့ ဆိုင်းဘုတ်အောက်မှာ ရှင်းနေလို့ကတော့ အဖြေမှန်ပေါ်လာမှာမဟုတ်ဘူး။ ဥပမာ…
တကယ့် ရောဂါ အဖြစ်မှန်ကို မသိတဲ့ ဆရာဝန်က လူနာကို ဆေးကုဖို့ ခက်သလိုပဲ ယနေ့ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ အခက်အခဲမှန်သမျှကို ဖြေရှင်းဖို့ အင်မတန်ခက်ပါလိမ့်မယ်။ ဗုဒ္ဓဘာသာဝင်ကလည်း လောဘ၊ ဒေါသ၊ မောဟ ဒီတရားတွေရှိနေရင် သူလည်း မိစ္ဆာဒိဋ္ဌိပဲ၊ ဘယ်ဘာသာ၊ ဘယ်လူမျိုး၊ ဘယ်နိုင်ငံ ပဲ ဖြစ်ဖြစ် ဒီတရား အဖြေမှန်ကို သိရင် သမ္မာဒိဋ္ဌိပဲ။ မကောင်းမှုကို ဘယ်ပါတီ၊ ဘယ်နိုင်ငံ၊ ဘယ်လူမျိုး၊ ဘယ်ဘာသာက စတယ်ဆိုတာ မပြောပဲနဲ့ အကုသိုလ်တရား (၁၀)ပါးရဲ့အကြောင်းအရင်း လောဘ။ ဒေါသ၊ မောဟ ကစတယ်လို့ သိမြင်နိုင်ကြပါစေ။ ။
သတ္တ၀ါ ခပ်သိမ်း တရားကိန်း၊ အေးချမ်းသာယာ ရှိစေသော်။ ။

No comments:

Post a Comment