Tuesday, August 23, 2011

ရှုံးနိမ့်မှု၏ အစ (သို့) မတိုးတက်ခြင်း၏ အစ


အကြောင်းကြောင်းနှင့် အရာရာမှာ နိဒါန်းဆိုတာ ရှိစမြဲပါ။ တစ်ချို့တစ်ချို့သော ကိစ္စမှာ အတွေ့အကြုံ မရှိလို့၊ တစ်ချို့တစ်ချို့သော အရာတွေမှာ လျှော့တွက်လို့ ရှုံးနိမ့်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ တစ်ချို့ ကတော့ ကိုယ့်ရဲ့ရှုံးနိမ့်မှု လက်မခံဘဲနှင့် အကြောင်းပြချက်တွေ ပေးတတ်ကြတယ်။ “ အခုကိစ္စက ငါအတွက် အရေး မကြီး ဘူး၊ နောင်လာမယ့် ပြိုင်ပွဲအတွက် အားယူနေတာပါ တဲ့”  ဘယ်လိုပဲ ပြောပြော မိမိရှုံးနိမ့်မှုကို လက်မခံလို့ လူတွေက အကြောင်းပြကြတယ်။ ဦးဇင်းအမြင်ကတော့ ဘယ်လောက်ပဲ အကြောင်းပြချက်တွေ ထုတ်ပြပြ ရှုံးနိမ့်မှု၏အစဟာ ယုံကြည်မှုအားနည်းလို့ပဲ ထင်တယ်။ တစ်ယောက်ကို တစ်ယောက် အသွေးထဲ အသားထဲ က ယုံကြည်နေရင် လူတစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ဘာသက်သေအထောက်အထား၊ ဘာစာချုပ် စာ တမ်းမှ မလိုပါဘူး။ ယုံကြည်မှုဆိုတာ ကိုယ့်ကိုကိုယ် စိတ်ချမှုတစ်မျိုးပဲ။ နောက်တစ်ဆင့်ပြောရင် ကိုယ်ကျင့်တရားပဲ။ လူ့အဖွဲ့အစည်း တစ်ခု၊ အိမ်ထောင်စုတစ်ခု ပြိုကွဲ ရှုံးနိမ့်မှု၏ အစဟာ ဒီအဖွဲ့အစည်းမှာ စိတ်ဝင်စားမှု အားနည်းခြင်း၊ အဖွဲ့အစည်းမှာ အချင်းချင်း စိတ်ဝမ်းကွဲမှု၊ နာမည် အလွဲသုံးစားမှု၊ ပတ်ဝန်းကျင် မကောင်းမှု စတဲ့ အကြောင်းတရားတွေနဲ့ နည်းနည်းဆက်စပ်ရင် နည်းနည်း ယိုင်တယ်။ များများဆက်စပ်ရင် များများထိတယ်။
ဥပမာ။ အိမ်တစ်အိမ်မှာ အတွင်းသူခိုးရှိနေခြင်း၊ အမေနဲ့အဖေ စကားများခြင်း၊ ညီအစ်ကိုမောင်နှမ အချင်းချင်း စကားများ ရန်ဖြစ်နေခြင်း၊ အမေသို့မဟုတ် အဖေ အိမ်တွင်းကိစ္စကို စိတ်ဝင်စားမှုအားနည်းခြင်း၊ ပတ်ဝန်းကျင်မသန့်ရှင်းမှုတွေကြောင့် အိမ်ထောင်ရေးတစ်ခု၏ ပြိုကွဲဖို့ အစပါပဲ။ အတွင်းသူခိုးဆိုတာ တခြားမဟုတ်ပါ။ သားသမီးတွေကလည်း အမေအဖေမသိအောင် ပိုက်ဆံတွေခိုးပြီး သုံးဖြုန်း၊ အမေကလည်း အဖေ မသိအောင် သုံးဖြုန်း၊ အဖေကလည်း အမေမသိအောင် သုံးဖြုန်း၊ အဲလိုလုပ်တာဟာလည်း အိမ်ထောင်တစ်ခု ရှုံးနိမ့်မှု၏ အစဖြစ်ပါတယ်။ မိမိပတ်ဝန်းကျင်မှာ မကောင်းမှုတွေများနေရင်လည်း အိမ်ထောင်တစ်ခု ရှုံးနိမ့်မှု၏ အစဖြစ်ပါတယ်။ ယုံကြည်မှုဆိုတာ ပစ္စည်းဥစ္စာနဲ့ ဘောင်ခတ်ပြီး တိုင်းတာလို့ မရဘူး။ ကိုယ့် ကျင့် သိက္ခာနဲ့ စောင့်ထိန်းမှ အရာရောက်တယ်။
နောက်တစ်ခု ရှုံးနိမ့်ခြင်း၏ အစဟာ မညီညွတ်ခြင်း၏ သင်္ကေတပါ။ တစ်ယောက်ကို တစ်ယောက် မလေးစားခြင်း၊ တန်ဖိုးမထားတတ်ခြင်းဟာလည်း ရှုံးနိမ့်ခြင်း၏ ပထမခြေလှမ်းပါပဲ။ လူတိုင်းမှာ ကိုယ့်တန်ဖိုးနဲ့ ရှိကြပါတယ်။ မွေးကင်းစကလေးမှာလည်း အငိုတန်ဖိုးနဲ့ အပြစ်ကင်းစင်တဲ့ တန်ဖိုးရှိပါတယ်။ ကလေးဘ၀ဆို လူ့ဘ၀မှာ အငိုနိုင်ဆုံးနဲ့ အပြစ်ကင်းစင်ဆုံးအချိန်ပါ။ ဒီကလေးဘာမှ မသိဘူးလို့ တစ်ထစ်ချ ပြောလို့မရဘူး။ ကလေးပဲ သိတာပေါ့ နိုးဆာတဲ့ အခါ ငိုတာပေါ့။ ဒါက ကလေးတန်ဖိုးပါ။ နောက်ပြီး ဘ၀မှာ စာအဖတ်ဆုံးအချိန်သည် ကျောင်းတတ်တဲ့ အချိန်ပဲ။ ကျန်တဲ့ အချိန်ဘယ်လောက်ဖတ်သလဲတော့ မသိဘူး ကျောင်းသားတစ်ယောက်လောက်တော့ မဖတ်တာ သေချာပါတယ်။ ကျောင်းသားတစ်ယောက်မှာ စာတစ်မျက်နှာဖတ်တိုင်း တန်းဖိုးတွေ စာမျက်နှာတိုင်းမှာ တန်ဖိုးရှိပါတယ်။ စာဖတ်ခြင်းသည် ကျောင်းသားတစ်ယောက်အတွက် တန်းဖိုးပဲ။ လူကြီးမှာလည်း ဘ၀တိုးတတ်ရာတိုးတက်ကြောင်းတွေ လူကြီးတွေ ဘယ်လိုဖြတ်သန်းလားတယ်ဆိုတာ ဘ၀အတွက် နောင်လာနောက်သားတွေအတွက် မှတ်တိုင်တွေစိုက်ထူနေတယ်။ ဒါပေမယ့် တန်ဖိုးချင်းတော့ မတူကြဘူး။ ဦးဇင်းအပါအ၀င် လူတိုင်းလူတိုင်း တန်ဖိုးဖြတ်တာ နားလည်မှုလွဲနေကြတယ်။ အကြောင်းအရာတစ်ခုနဲ့ ပတ်သတ်ပြီး ဆွေးနွေးလာကြတဲ့အခါ အမြင်အမျိုးမျိုးနဲ့ တင်ပြဆွေးနွေးတာကို ပျက်စီးအောင်လုပ်တယ်လို့ မြင်တတ်ကြတယ်။ ဖိနပ်ကိုတော့ ဘယ်နဲ့ ညာတည့်အောင်တော့ စီးတတ်ကြတယ်။ ဒါပေမယ့် ဘယ်ဖက်ရှိလို့ ညာဖက်တန်ဖိုးတတ်တယ်ဆိုတာ စဉ်းစားချင်မှ စဉ်းစားကြမိပါလိမ့်မယ်။ ဖိနပ်မှာလည်း တစ်ဖက်ကို အားကိုးပြီး တစ်ဖက်က တန်ဖိုးရှိနေတာပါ။ လူဘ၀မှာလည်း ဒီအတိုင်းပါပဲ လူကြီးကို မှီလို့ လူငယ်တွေ ခြေချခွင်းရသလို လူငယ်တွေရှိလို့လည်း လူကြီးတွေ နားခွင့်ရတာပေါ့။ သို့ပေမယ့် အကြောင်းအရာတစ်ခုကို ဆွေးနွေးကြတဲ့အခါ လူကြီးနဲ့ သဘောထားမတူရင်ပဲ ဒီလူက အလားကားလူဖြစ်သွားကြတတ်တာ တွေ့နေရပါလိမ့်မယ်။ အဲဒါကတော့ “ ငါ့ကို ချစ်နေလို့ပဲ ” ငါ့ကိုချစ်နေရင် ဖြေမှန်ထွက်မလာတတ်သလို ရှုံးနိမ့်ဖို့လည်း အင်မတန် နီးစပ်ပါတယ်။ ငါပဲသိတယ်၊ ငါပဲ မှန်တယ်၊ ငါပဲ တတ်တယ်။ ငါ ငါဆိုတဲ့ အတ္တကြောင့်ပါ။ ။
သတ္တ၀ါခပ်သိမ်း၊ အတ္တကင်း၊ တန်ဖိုးကိုယ်စီ ရှိစေသော်…

No comments:

Post a Comment