Thursday, June 16, 2011

ဗုဒ္ဓ၀ါဒဆိုတာဘာလဲ

Buddhism is not a religion. Buddhism is Way of life.  ဗုဒ္ဓဘာသာ ဆိုတာ ဘ၀နေနည်းထိုင်နည်း နည်းစနစ်တွေကို ပေးတဲ့ဝါဒပါ။ ရှိခိုးဖို့ မဟုတ်ဘူး။  ရှိခိုးနေရုံနဲ့ ဗုဒ္ဓဘာသာက ပြည့်စုံတာမဟုတ်ဘူး။ ကိုးကွယ်နေရုံနဲ့ ပြည့်စုံနေတာမဟုတ်ဘူး။ ဆုတောင်းနေရုံနဲ့ မပြည့်စုံဘူး။ ရှိခိုး၍နေခြင်း ကိုးကွယ်၍နေခြင်း ဆုတောင်း၍နေခြင်း အဲဒီသုံးခုကိုသာ အမွန်အမြတ်ထားတဲ့ဘာသာတရားကို Religion လို့ခေါ်တယ်။ ဗုဒ္ဓ၀ါဒက ရှိခိုးခြင်းသည် ပဓာနအလုပ်မဟုတ်ဘူး။ ဆုတောင်းခြင်းသည် ပဓာနအလုပ်မဟုတ်ဘူး။ ကိုးကွယ်ခြင်းသည် ပဓာနအလုပ်မဟုတ်ဘူး။ သို့သော် သူ့ကိုတော့ ဖယ်ထားလို့မရဘူး။ မည်သည့်ကိစ္စသည်ပဓာနလဲဆိုရင် ကျင့်သုံးခြင်းသည် ပဓာနပါ။ ဒါကြောင့် Buddhism is not a religion. But, Buddhism is Way of life. Religion is belief of system, worship of system, pray of system. Worship of system (ကိုးကွယ်တဲ့ဝါဒ)Belief of system (အကြောင်းအကျိုး သိသိမသိသိ၊ ကယ်တင်တယ် ဖန်ဆင်းတယ်ဆိုတာကို ယုံကိုယုံရတယ် မယုံရင် သူက အပြစ်ရှိတဲ့ဝါဒ။) worship of system (ကယ်တင်ဖို့ရန်အတွက် အမြဲဆုပဲ တောင်းနေရတဲ့ဝါဒ။)ဒီသုံးခုနဲ့ ပြည့်စုံရင် ဒါ Religion ပါပဲ။ Buddhism က တော့ ဘယ်သူမှလာကယ်တာမဟုတ်ဘူး။ ကိုယ့်ကို ကိုယ် ကယ်တင်ရတာ။ တခြားသူတွေကယ်တင်လို့မရဘူး။ ဗုဒ္ဓ၀ါဒက ကိုယ့်ကိုကိုယ့် ကယ်တင်ရတယ် ဒါကြောင့် အတ္တဟိ အတ္တနော နာထော။(you can save yourself. We can cave ourselves) လို့ ဆိုပါတယ်။ ဒါကြောင့် ကိုယ့်ကျင့်သော တရားသည်သာ ကိုယ့်ရဲ့ ကယ်တင်ရှင်ပါ။
(ဥပမာ)နေပူကြဲကြဲမှာ ထီးကိုင်သွားတဲ့ ပုဂ္ဂိုလ် အဲဒီသူကိုင်ထားတဲ့ ထီးက သူ့ကိုနေမပူအောင်ကာကွယ်ပေးတယ်။ ကိုယ်ကိုင်ထားတဲ့ ထီးက တခြားလူကို သွားပြီ မကာကွယ်ဘူး။ တခြားလူကိုင်ထားတဲ့ ထီးလည်းပဲ ကိုယ့်ကိုလာမကာကွယ်ဘူး ကိုကိုင်ထားတဲ့ ထီမှ ကိုယ့်ကို နေမပူအောင် ကာကွယ်မှာဖြစ်ပါတယ်။ ငါ့မှာထီရှိသားပဲဆိုပြီး အိမ်မှာထားခဲ့ပြီးနေပူထဲလျှောက်သွားတော့ နေပူထဲမှာ အိမ်ကထီးက ဘာတတ်နိုင်မလဲ။ ငါ့ထီရှိသားပဲဆိုပြီ မိုးရွာထဲ ထွက်သွား မိုးရွာထဲရောက်တော့ ထီးက အိမ်မှာထားခဲ့တယ် အိမ်မှာထားခဲ့တဲ့ထီးက မိုးရွာထဲ ဘာတတ်နိုင်လဲ။ ဒါကြောင့် ကိုယ့်ကျင့်တရားဆိုတာ က စာအုပ်ထဲမှာရှိရမှာမဟုတ်ဘူး။ ထီးကြီးအိမ်မှာထားသလို မထားခဲ့ရဘူး။ တရားကို နှုတ်နဲ့ထားရမယ်။ ကိုယ့်နဲ့ထားရမယ်။ စိတ်နဲ့ထားရမယ်။ တရားထားဖို့ သုံနေရာပေးထားပါတယ်။ ကိုယ့်ကျင့်တဲ့တရားက ကိုယ်ကိုင်လာတဲ့ထီးနဲ့ တူပါတယ် နေပူထဲမှာ မိုးရွာထဲမှာကိုယ့်ကိုအကာကွယ်ပေးပါတယ်။ ဘ၀ဆိုတာလည်း မိုးရွာတစ်လည့် နေပူတစ်လည့်ပါ။ ဒါကြောင့်မို့ ကိုယ့်မှာထီးက အဆင်သင့်ဖြစ်ဖို့ အရေးကြီးပါတယ်။ မိုးရွာတဲ့အခါမှာ မိုးကာကွယ်ဖို့ နေပူတဲ့အခါ နေပူကို ကာကွယ်ဖို့ ထီးက အဆင်သင့်ဖြစ်ဖို့လိုပါတယ်။ ဘ၀ခရီးမှာလည်း ထီးနဲ့တူတဲ့ ကိုယ့်ကျင့်တရားအားလုံး ရှိထားဖို့လိုပါတယ်။ ကိုယ့်ကျင့်တရားသည် ဘ၀ခရီးမှာ ဘာနဲ့တူသလဲဆိုတော့ ထီးနဲ့တူတယ်။ ကိုယ့်ကျင့်တရားမရှိပဲ ဘ၀ခရီးသွားတဲ့သူဟာ ထီးမပါပဲ နေပူထဲ မိုးရွားသွားရသလို့ ဖြစ်တတ်တယ်။
ဒါကြောင့် ဘ၀တန်ဖိုး ကာလတန်ဖိုးဆိုတာ ကိုယ်ကျင့်ထားသော ကိုယ့်ကျင့်တရားပဲ။ ဒါကိုမြတ်စွာဘုရားက “ယောစ ၀ဿသတံ ဇီဝေ ဒုဿီလော အသမာဟိတော၊ ဧကာဟံ ဇီဝိတံ သေယျော သီလ၀န္တဿ ဈာယိနော။” ကိုယ့်နဲ့နှုတ်ကိုဘာနဲ့မှ မစောင့်ရှောက်ရင် နှစ်ပေါင်းတရာ အသက်ရှင်၍ နေရခြင်းထက်၊ ကိုယ့်နဲ့နှုတ်ကို စောင့်ရှောက်၍ တစ်နေ့တစ်ရက် တစ်နံနက်မျှနေရခြင်းက ပို၍မြတ်တယ်။  ကိုယ်နဲ့ နှုတ် ကိုစောင့်တာ ကိုယ့်ကျင့်တရား။ ကိုယ့်နဲ့ နှုတ် ကတော့ သက်ရှိသတ္တ၀ါ ငါမသတ်ဘူး၊ သူများဥစ္စငါမခိုးဘူး၊ သူများသားမယား ငါမပြစ်မှားဘူး၊ သေရည်အရက်ငါမသောက်ဘူး၊ ဒါပေမယ့် ဝေရမဏိသိက္ခာ လုပ်ပေးမယ့် စိတ်ကတော့ မပျောက်ဘူး။ လက်နဲ့သာမသတ်ဖြစ်တာ လက်နဲ့တော့ မခိုးဖြစ်တာ စိတ်တော့ ကြံကောင်းကြံမယ်။ ဒီလိုစိတ်ကူးရုံနဲ့ လောက အမြင်အားဖြင့် ဘာအပြစ်မှ မရှိဘူး။ ခိုးချင်တဲ့စိတ် ရှိချင်တိုင်းရှိဘာဥပဒေနဲ့မှ အရေးယူလို့မရဘူး။ မြတ်ဗုဒ္ဓရဲ့ဒေဿနာတော်မှာ “မနောဒွါရေ အာပတ္တိနာမ နတ္ထိ။” စိတ်ထဲမှာ အာပါတ်မသင့်ဘူးလို့ဆိုထားတယ်။
ဆိုလိုတာက သီလသည် စိတ်ကိုမတတ်နိုင်ဘူး။ သတ်တော့မသတ်ဘူး သတ်ချင်တဲ့စိတ်ရှိနေတယ်။ ခိုးတော့မခိုးဘူး ခိုးချင်တဲ့ စိတ်ရှိနေတယ် ဒီစိတ်ကို သတိ၊ သမာဓိ၊ ပညာ နဲ့ ထိန်းရမယ်။ ဒီသုံးလုံကို ပျိုးထောင်ထားလိုက်မယ်ဆိုရင် သောင်းကျန်းတဲ့စိတ်တွေ ငြိမ်းချမ်းသွားမယ်။ စိတ်ရဲငြိမ်းမှုကို ဘာနဲ့ အရယူမလဲဆိုရင်  သတိ၊ သမာဓိ၊ ပညာ နဲ့ အရယူရမယ်။ ဒါတွေဟာ ကိုးကွယ်နေရုံနဲ့ မရဘူး။ ယုံကြည်နေရုံနဲ့ မရဘူး။ ဆုတောင်းနေရုံနဲ့ မရဘူး။ ကိုယ့်မှာအနာလည်း ပေါက်နေတယ် ဆေးလည်းရှိတယ်။ ဒီဆေးသည် ဒီအနာကို ပျောက်စေတယ်လို့ ယုံကြည်ရုံမျှနဲ့ ဒီအနာဘယ်တော့မှ မပျောက်ဘူး။ အနာကြီးလည်း ပေါက်နေတယ် ဆရာဝန်ကြီးလည်းရောက်နေတယ်။ ဆရာဝန်ကြီးကို ယုံကြည်နေရုံမျှဖြင့် ဒီအနာမပျောက်ဘူး။ belief system သည် Buddhist ရဲ့ အဓိက အလုပ်မဟုတ်ဘူး။ ဆရာဝန်ကြီးက ဒီဆေးကိုသောက် ဒီဆေးကိုစားဆိုပြီး စားခိုင်းသောက်တာကို လိုက်နာရမည့်အပိုင်းက လူနာအပိုင်း။
 ဒါကြောင့် မြတ်စွာဘုရားသည် အင်မတန် ကျွမ်းကျင်လိမ္မာတဲ့ ဆရာဝန်ကြီးနဲ့တူတယ်။ စာရေးသူအပါအ၀င် ဒီသတ္တ၀ါတွေက ရောဂါသည်နဲ့တူတယ်။ (ဒီနေရာမှာ ဆိုလိုချင်တာက ကိလေသာကို ဆိုလိုပါတယ်။) ရောဂါတွေက ကိုးကွယ်နေရုံနဲ့ မပျောက်ဘူး ရှိခိုးနေရုံနဲ့လည်း မပျောက်ဘူး ဆုတောင်းနေရုံနဲ့လည်းမပျောက်ဘူး။ ဘုရားတည်းဟူသော ဆေးသမားက မကျင့်နဲ့ မကြံနဲ့ ပြောနဲ့ မပြုနဲ့လို့ တားထားတဲ့ ဒုစရိုက်မှန်သမျှကိုရှောင်ရမယ်။ ဆရာဝန်ညွန်ကြားသလိုပဲ ကျင့်ရမယ် ပြုရမယ် လို့ပြောသမျှကို လိုက်နာ ကျင့်သုံးရမယ်။ ပေးထားတဲ့ ဆေးဝါးမှန်သမျှကို လူနာက စားသုံးရမယ်။ ဒီလိုလိုက်နာမှာ ဒီလူနာ ရောဂါပျောက်တယ်။ မခိုးနဲ့ မသတ်နဲ့ မလိမ်နဲ့ ပြောထားတာကို သတိ၊ သမာဓိ၊ ပညာနဲ့ ရှောင်ကြဉ်နိုင်ရင် အဲဒါကိလေသာပျောက်တယ်။ ဒါကြောင့်မို့လို့  ဗုဒ္ဓ၀ါဒသည် ရှိခိုးရုံမျှနဲ့ ပြီးတဲ့ ၀ါဒမျိုးမဟုတ်ကြောင်း၊ ကိုးကွယ်ရုံမျှနဲ့ ပြီးတဲ့ဝါဒမျိုးမဟုတ်ကြောင်း၊ ယုံကြည်ရုံမျှနဲ့ ပြီးဆုံးတဲ့ ၀ါဒမဟုတ်ပါ။ ဘာလုပ်ရတဲ့ဝါဒလဲဆိုတော့ ကျင့်သုံးရတဲ့ ၀ါဒကို ဗုဒ္ဓ၀ါဒဟုခေါ်ပါကြောင်း…။
သတ္တ၀ါခပ်သိမ်း တရားကိန်း အေးချမ်းသာယာရှိပါစေ…။

No comments:

Post a Comment