Saturday, December 11, 2010

ဟာသ ကဏ္ဍ(၃)


တစ်ခါကရွာတစ်ရွာမှာ ဆရာနှင့်တပည့်၂ဦး၊ အိမ်တစ်အိမ်မှာအတူနေထိုင်ကြပြီး၊ 

တပည့်မှာဆရာ့စကားကိုမြေ၀ယ်မကျနားထောင်၍ ရိုးသားသူတစ်ဦးဖြစ်ပါတယ်။

တစ်နေ့ မှာဆရာကကိစ္စရှိလို့ -" တပည့်ရေ၊ ဆရာအပြင်သွားအုံးမယ် ထမင်းချက်ထားကွာ"
လို့ မှာခဲ့ပါတယ်။
ဆရာအပြင်ကပြန်လာပြီး" တပည့်ရေ၊ ထမင်းစားကြရအောင်ခူးကွာ" လို့ ပြောလိုက်တော့၊
တပည့်ကလည်းခူးပြီးတာနဲ့ ဆရာက " ဟင်းကောကွာ" လို့မေးတယ်။
ထိုအခါတပည့်က" ဆရာကထမင်းပဲချက်ထားလို့ မှာတာကို" ဟုပြန်ဖြေတယ်။
ဆရာက အားမလိုအားမရနဲ့ " တပည့်ရာရိုးပါ့၊ ဆရာက 'တစ်' ဆိုရင်၊ တပည့်က 'နှစ်' 'သုံး'
အထိစီစဉ်ထားရတယ်ကွ၊မှတ်ထားသိလား လို့ပြောပါတယ်။

အဲဒီလိုနဲ့ တစ်နေ့ မှာတော့ ဆရာဖျားနေလို့ တပည့်ကို" ဆေးဆရာသွားပင့်ခဲ့ကွာ"
ပြောတော့၊ တပည့်လည်းအပြေးတစ်ပိုင်းနဲ့ အိမ်ကထွက်သွားတယ်။
ခဏကြာတပည့်ပြန်လာပြီး ဆရာက-"တပည့်ရေ၊ ဆေးဆရာပင့်ခဲ့ပြီလား" လို့ မေးတော့၊

တပည့်ဖြေလိုက်ပုံမှာ-" ဆရာကျွန်တော့်ကိုသွန်သင်တဲ့အတိုင်း၊ ဆေးဆရာလည်းပင့်ပြီ၊
နောက်ပြီးအခေါင်းနဲ့ ဘုန်းကြီးပါပင့်လာပါတယ်ခင်ဗျာ"
တစ်နေ့  အဖျားအလွန်ကြီးနေသောလူနာတစ်ဦးအား၊ ဆရာဝန်ကဆေးကုသပေးပါသည်။
    လူနာ- ဆရာ၊ ကျွန်တော်ဘာတွေစားရမယ်ဆိုတာညွှန်ကြားပေးပါ။
    ဆရာဝန်- အဖျားကတက်လိုက်ကျလိုက်ဖြစ်နေတော့ အူရောင် ငန်းဖျားဖြစ်မှာစိုးရတယ်။
    ထမင်းကအစ အဖတ်ဆိုရင်ဘာမှမစားပါနဲ့ ၊ နွားနို့ ၊ ကော်ဖီ အရည်ဆိုရင်အားလုံး
    သောက်လို့ ရပါတယ်။ ပြောပြီးဆရာဝန်ကပြန်သွားတော့သည်။ နောက်တစ်နေ့ လူနာဆီရောက်တော့၊ လူနာအဖျား
    တက်နေသဖြင့်- ဆရာဝန်- အဖျားတက်နေပြန်ပြီလား၊ ဘာတွေစားလဲ၊ အဖတ်တွေစားတယ်ထင်တယ်။
    လူနာ- ဘာမှမစားပါဘူးဆရာရယ် ။ ထန်းရည်ခါး ၁ဗူးပဲသောက်ထားတာပါ။
    ဆရာဝန်- ဟာ၊ ဖျားနေတဲ့သူက ထန်းရည်ခါးသောက်ရသလား။
    လူနာ- ဆရာက အရည်ဆိုရင်အားလုံးသောက်လို့ ရတယ်ဆို။

    ဒါမှ အမတ်အစစ်
    ရွေးကောက်ပွဲဝင်ပြိုင်ပြီးပြန်လာသော ယောက်ျားကိုမိန်းမက မေးလိုက်သည်။
    မိန်းမ။ ။မောင်ရေ အခြေအနေဘယ်လိုလဲ။
    ယောက်ျား။ ။ အခြေအနေကတော့ တော်တော်ကိုကောင်းနေပြီ။
    မိန်းမ။ ။ ရှင်ညာတာတော့ မဟုတ်ပါဘူးနော်။
    ယောက်ျား။ ။ ဟိုမှာ တနေကုန် ညာပြီးပြီပဲ ဘာညာစရာ လိုတော့လို့လဲကွ။

    ပုဇွန်မျက်လုံးပြူးရခြင်းအကြောင်းရင်း
    ဆရာမ။ ။ ကလေးတို့ရေ။ ငါးဖယ်ဘာကြောင့် ပြားသလဲ သိကြလား။
    ပီတာ။ ။ ဝေလငါးနဲ့အိပ်လို့ပါ။
    ထိုအခါဆရာမက စိတ်ဆိုးပြီး ပီတာလေးကို အပြင်သို့ထွက်သွားခိုင်းလေသည်။ ထို့နောက် အတန်းကိုနောက်ထပ်မေးခွန်းတစ်ခုမေးလေသည်။
    ဆရာမ။ ။ ကလေးတို့ရေ။ ပုဇွန်ဘာကြောင့်မျက်လုံးပြူးသလဲ။
    အတန်းတံခါးဝမှ ပီတာလေးက ထပ်ဖြေလိုက်ပြန်သည်။
    ပီတာ။ ။ ဝေလငါးနဲ့ငါးဖယ်နဲ့အိပ်တာကိုတွေ့သွားလို့ပါ။

    စိတ်မှန်နေသောအရူး
    အရူးထောင်တွင် ဗိုလ်ချုပ်ကြီးလာရောက်စစ်ဆေးမည်ဆိုသဖြင့် ဆရာဝန်များက အရူးများကို အမိန့်ပေးနေလေသည်။
    ‘ဒီနေ့ ဗိုလ်ချုပ်ကြီးလာလိမ့်မယ်။ မင်္ဂလာပါ ဘဘကြီးလို့ နှုတ်ဆက်မှ မင်းတို့ကို ထမင်းကျွေးမယ်’
    ဗိုလ်ချုပ်ကြီးလာသောအခါ အရူးတစ်ယောက်မှလွဲပြီး ကျန်သောအရူးများက မင်္ဂလာပါ ဘဘကြီး ဟု
    နှုတ်ဆက်လေသည်။
    ထိုအခါဗိုလ်ချုပ်ကြီးက ဆရာဝန်များကို ထိုအရူးဘာကြောင့် မနှုတ်ဆက်သလဲဟုမေးသောအခါ ဆရာဝန်ကြီးဖြေလိုက်ပုံက
    ‘စိတ်မဆိုးပါနဲ့ ဗိုလ်ချုပ်ကြီးရယ် သူဒီနေ့ စိတ်ကောင်းနေလို့ ဖြစ်ပါလိမ့်မယ်’

    ဒီညတော့ အိပ်ရတော့မယ်
    ခရီးသည်တင်လေယာဉ်တစ်စီးတွင် အလွန်ကို ထုံအလွန်းသော ချူချာနှစ်ယောက် လိုက်ပါလာသည်။
    ထိုစဉ်လေယာဉ်မယ်က ‘လေယာဉ်အင်ဂျင်တစ်လုံး ပျက်သွားပါတယ်။ ဒါပေမယ့် ကျန်တဲ့သုံးလုံးနဲ့
    ဆက်လက်ပြီး သွားနိုင်ပါတယ်။ ဒါပေမယ့် ခရီးစဉ်အဆုံးကို တစ်နာရီ နောက်ကျပြီးမှ ရောက်ပါမယ်။
    မစိုးရိမ်ကြပါနဲ့’ ဟု ကြေညာလေသည်။
    နောက်နာရီဝက်ခန့်အကြာတွင် လေယာဉ်မယ်က ‘နောက်ထပ်အင်ဂျင်တစ်လုံး ပျက်သွားပြန်ပါတယ်။ ကျန်သေးတဲ့အင်ဂျင်နှစ်လုံးနဲ့
    ဆက်လက်သွားနေပါတယ်။ ခရီးစဉ်အဆုံးကိုတော့ နောက်ထပ် သုံးနာရီကြာမှ ရောက်ပါမယ်။ မစိုးရိမ်ပါနဲ့’
    ဟု ထပ်မံ ကြေညာလေသည်။
    နောက်တစ်နာရီခန့် အကြာတွင် လေယာဉ်မယ်က ‘ကျန်တဲ့ အင်ဂျင်နှစ်လုံးပါ ပျက်စီးသွားပါပြီ’
    ဟုကြေညာလေသည်။
    ထိုအခါ ချူချာတစ်ယောက်က နောက်ထပ်ချူချာကို ပြောလိုက်ပုံက ‘သေချာပြီ။ အဲဒါဆို ဒီညတော့
    လေယာဉ်ပျံပေါ်မှာပဲ အိပ်ရတော့မယ်’

    ကျေးဇူးပါ
    ကုမ္ပဏီပိုင်ရှင်တစ်ယောက်က ၃လ အတွင်း မန်နေဂျာရာထူးအထိရောက်ရှိလာသော လူငယ်တစ်ယောက်အား
    ခေါ်ယူကာ ချီးကျူးပြောဆိုလေသည်။
    ပိုင်ရှင်။ ။ မင်းဟာ ဒီအလုပ်ကို လွန်ခဲ့တဲ့ ၃ လမှ စလုပ်တယ်။ ၂ ပတ်အတွင်းမှာပဲ
    ရာထူးတက်တယ်။ နောက် ၁ လ အကြာမှာ လက်ထောက်မန်နေဂျာဖြစ်လာတယ်။ နောက် ၆ ပတ် အကြာကြတော့
    မင်း မန်နေဂျာရာထူးအထိ ရောက်လာတယ်။ မင်းတော်တော်ကြိုးစားတဲ့ သူငယ်ပဲ။ မင်းကိုပိုင်ဆိုင်ရတဲ့အတွက်
    ဂုဏ်ယူတယ်ကွာ။ ကဲ… ဘာပြောချင်သေးလဲ။
    လူငယ်။ ။ ကျေးဇူးပါအဖေ။

    နံရံတွေ ပြိုနေလို့
    အရူးထောင်တွင် အရူးများ ထောင်ဖောက်ပြေးရန် တိတ်တဆိတ် အစည်းအဝေး လုပ်နေကြသည်။ နောက်ဆုံးတွင်
    ကြက်များကဲ့သို့ ပျံကာ ထောင်နံရံကို ကျော်ဖြတ်ကြမည်ဟု ဆုံးဖြတ်လိုက်ကြပြီး ကြက်သားများများစားရန်လဲလိုအပ်ကြောင်း
    ဆုံးဖြတ်လိုက်ကြသည်။
    ထို့နောက် ၃ လ အကြာအတွင် အရူးများ ပျံသန်းနိုင်လာကြသည်။ ထို့ကြောင့် ထောင်ဖောက်မပြေးခင်
    အရူးတစ်ယောက်ကို ကင်းထောက်အနေဖြင့် ကြည့်ခိုင်းလိုက်သည်။ ကင်းထောက်အရူးမှာ စိတ်ပျက်လက်ပျက်ဖြင့်
    ပြန်လာသည်။
    ကျန်အရူးများက အကြောင်းအရင်းကိုမေးသောအခါ
    ‘ငါတို့ထောင်ဖောက်ပြေးလို့မရတော့ဘူး။ ငါတို့ပျံပြီးကျော်ရမယ့် နံရံတွေပြိုနေပြီ’
    ပိုတောင်ကောင်းသွားပါတယ်
    တစ်နေ့တွင် စတာလင်စီးလာသောကားသည် မြင်းစီးလာသောလူတစ်ယောက်အား အရှိန်နှင့် တိုက်မိသေကြောင့်
    မြင်းရောလူပါ ပြုတ်ကျသွားပြီး ဒဏ်ရာအပြင်းအထန် ရရှိသွားလေသည်။
    ကားပေါ်မှ စတာလင်ဆင်းလာပြီး သေလုဆဲဆဲဖြစ်နေသော မြင်းအားသေနတ်နှင့်တေ့ကာ ပစ်သတ်လိုက်သည်။

    ထို့နောက် မြင်းပိုင်ရှင်အား အခြေအနေကောင်းပါသလား မေးမြန်းရာ မြင်းပိုင်ရှင်မှာ ကမန်းကတန်း
    လူလဲထပြီး အဖြေပေးလိုက်လေသည်။
    ‘အဟဲ…ကောင်းပါတယ်။ တော်တော်ကို ကောင်းပါတယ်။ ကားနဲ့ အတိုက်မခံရခင်ထက်ကို ပိုကောင်းပါတယ်’
    ကြိုက်ရာလမ်းရွေး
    နိုင်ငံတော်အကြီးအကဲတစ်ယောက် နောက်ဆုံး အသက်ထွက်ခါနီးတွင် သူ၏ နေရာဆက်ခံမည့် လူကို
    မေးလေသည်။
    ‘ငါ့လူ ငါလဲသေတော့မယ် မင်းတိုင်းပြည်ကို ဆက်လက်ပြီးဘယ်လိုအုပ်စိုးမလဲ’
    ထိုအခါ နိုင်ငံတော် အကြီးအကဲနေရာ ဆက်ခံမည့်သူက
    ‘ကျွန်တော့်နောက်ကို သူတို့လိုက်အောင် လုပ်မှာပေါ့’
    နိုင်ငံတော်အကြီးအကဲက ထပ်မေးသည်။
    ‘မင်းနောက်ကို မလိုက်ရင် ဘယ်လိုလုပ်မလဲ’
    နိုင်ငံတော်အကြီးအကဲနေရာ ဆက်ခံမည့်သူက
    ‘ကျွန်တော့်နောက် မလိုက်ရင် ခေါင်းဆောင်ကြီးနောက် လိုက်အောင် လုပ်မှာပေါ့’
    Good Father
    ဖခင်။ ။ သားရေ.. အဖေ မင်းကို မိန်းမပေးစားမလို့ စီစဉ်နေတယ်ကွ။
    သား။ ။ ကျုပ်က ကိုယ့်ကြိုက်တဲ့လူပဲ ကိုယ်ယူမှာ ဗျ။
    ဖခင်။ ။ နေအုံး သား... ကောင်မလေး က ဘီလ်ဂိတ် သမီးကွ။
    သား။ ။ အော် ဒီလိုလား... အဖေ့ စကားနားထောင်လိုက်ပါမယ်။
    ထို့နောက် ဖခင် သည် ဘီလ်ဂိတ် ထံသို့သွား ပြီး....
    ဖခင်။ ။ ခင်ဗျား သမီးအတွက် အင်မတန်သင့်တော်တဲ့ ကောင်လေးတစ်ယောက်တွေ့ထားတယ်။
    ဘီလ်ဂိတ်။ ။ ကျွန်တော့် သမီးလေး က ငယ်ပါသေးတယ်ဗျာ။
    ဖခင်။ ။ နေအုံး... ဟိုကောင်လေး က ကမ္ဘာ့ဘဏ် လက်ထောက် ဥက္ကဌ ဗျ။
    ဘီလ်ဂိတ်။ ။ အာ.. ဒီလိုဆိုတော့လဲ လက်ခံရမှာ ပေါ့ဗျာ။
    နောက်ဆုံးတွင် ဖခင်သည် ကမ္ဘာ့ဘဏ် ဥက္ကဌ ထံသို့သွားသည်။
    ဖခင်။ ။ ဥက္ကဌ ကြီးခင်ဗျား... လစ်လပ်နေတဲ့ လက်ထောက်ဥက္ကဌ ရာထူးအတွက် အထူးသင့်တော်တဲ့
    သူငယ်လေးတစ်ယောက် တွေ့ထားပါတယ်။
    ဥက္ကဌ။ ။ကျွန်တော်မှာ လိုအပ်တာထက် အဲဒီရာထူးအတွက် လိုအပ်တာထက်တောင် ပိုများနေပါတယ်။
    ဖခင်။ ။ နေအုံး.. ဒီသူငယ်လေးက ဘီလ်ဂိတ်ရဲ့ သားမက်ကလေးဗျ။
    ဥက္ကဌ။ ။ ဒီလိုလား... ရပါတယ်။
    Postive Attitude
    ကောင်လေးက သူ့အမေကို ပြောပါတယ်။
    “အမေ။ ကျွန်တော်တော့ စာဆက်မသင်ချင်တော့ဘူး။”
    သူ့အမေက အံ့သြတကြီးနဲ့ “ဘယ်လို ဖြစ်တာလဲ။” လို့ မေးပါတယ်။ အဲဒီတော့ ကောင်လေးက ဒီလို ပြန်ဖြေပါတယ်။ “ဟိုတစ်နေ့က ကျွန်တော် ကြားလိုက်ရတယ် အမေ။ လူတစ်ယောက်ဟာ သိတာတွေ များလွန်းလို့ သေနတ်နဲ့ ပစ်သတ် ခံလိုက် ရတယ်တဲ့။”
    ****************

    Friday, December 10, 2010

    ဟာသကဏ္ဍ (၂)

    သူခိုးတစ်ယောက်သည် အိမ်ခန်းတစ်ခန်းထဲသို့ သော့တူနှင့် ဖွင့်ပြီး
    ဝင်လာသည်။ လေးနှစ် အရွယ်ရှိ ချာတိတ်တစ်ယောက်ကို မထင်မှတ်ဘဲ တွေ့လေသည်။ “ ဟေ့ ချာတိတ် ...မင်းအဖေနဲ့ အမေ အိမ်မှာ ရှိလား ” “ မရှိဘူး ”
    ချာတိတ်လေး ဖြေပြီး တစိမ်းကို ယုံကြည်သည့် မျက်လုံးများဖြင့် ကြည့်သည်။ “ အဲဒါဆို ရေတစ်ခွက်လောက် ယူခဲ့ ပေးပါ့လားကွာ ”
    ဤသို့ပြောပြီး သူခိုးက တွေးသည်၊ ချာတိတ်လေး ရေသွားယူနေတုန်း၊ အဝတ်ဘီဒိုကို ဖွင့်ပြီး လိုချင်တာ ယူလိုက်မည်ဟု တွေးသည်။ သို့သော် ဘီဒို
    ဖွင့်ရုံသာ ရှိသေးသည် ချာတိတ်လေး ပြန်ရောက်လာပြီး ရေခွက်ကို လှမ်းပေးလိုက်သည်။ ဘာမှ မတတ်နိုင် ရေခွက်ထဲက ရေကို သောက်ချလိုက်ရသည်။
    ’နောက်ထပ် တစ်ခွက်လောက် ခပ်ပေးပါဦးကွာ ” ဘီဒိုထဲမှ သိုးမွှေးအကျီင်္ကို ထည့်ရရုံ ရှိသေး ချာတိတ်လေး ပြန်ရောက်လာပြီး
    ရေခွက်ကို ကမ်းပေးသည်။ စတုတ္ထ အကြိမ်မြောက် ရေနောက်တစ်ခွက် ယူရန်ပြောသောအခါ ချာတိတ်လေးက ပြန်ဖြေသည်။
    “ ဦးလေးကြီး ကျွန်တော် မယူလာနိုင်တော့ဘူး..... ရေပိုက်ခေါင်းကို ကျွန်တော် လက်နဲ့ မမှီဘူး၊ အိမ်သာထဲက ရေကလည်း ကုန်နေပြီ ခင်ဗျ ”
    သိပြီးသားစိတ်ရောဂါ ဖြစ်နေကြသူ ကိုစကူ နဲ့ ကိုဇော်ဂျီ တို့ ငှက်ပျောသီး စားနေကြသည်။ ကိုဇော်ဂျီ က ပြောသည်။
    `ဟေ့... မင်းဘာဖြစ်လို့ အခွံမနွှာသလဲကွ´ စကူပြန်ဖြေသည် `ဘာ နွှာစရာလိုသလဲ ၊ အထဲမှာ ဘာရှိတယ်ဆိုတာ ငါသိပြီးသားပဲဟာ ´
    ချိုသာစွာပြောပါ
    လေယာဉ်တစ်စီး ... စက်ချို.ယွင်းနေတော့ ခရီးသည်တွေ အားလုံး စိုးရိမ်ပူပန်နေကြပြီ ..။
    အားလုံးက ဘုရားတလို့ ... အဲဒါကို Pilot က လေယာဉ်မယ်ကို ခရီးသည်တွေကို အားပေးစကားပြောဖို. လွှတ်လိုက်တဲ့ အခါ ... လေယာဉ်မယ်က ချိုချဉ်ဗန်း လေး ကိုင်လို. အပြင်ထွက်သွားပြီး .... " ကဲ ... ခရီးသည်များရှင် ...မသေခင်လေး ... အချိုတည်းကြရအောင် ... " တဲ့ ...
    ယူမိသည့်တာဝန်“ အဝတ်အစားတွေကို လျှော်ဖို့ အမျိုးသမီးလေး တစ်ယောက်ကို ခင်ဗျား
    ငှားထားတယ် မဟုတ်လား။ ဘာ့ကြောင့် ကိုယ်တိုင် လျှော်နေရတာလဲ ဗျာ။ ” ဟု
    အသိတစ်ယောက်က မေးသည်..။ ထိုအခါ မေးခံရသည့် ယောင်္ကျားက မသာမယာ မျက်နှာဖြင့်.....“ သူ့ကို ကျွန်တော်
    ယူလိုက်ပြီလေဗျာ ” ဟု ဖြေလေသည်။ သြော်...ယူမိသည့်
    တာဝန်များနော်............ ...

    Thursday, December 9, 2010

    ဘဝဆိုတာာ ပျော်စရာလား

    မိမိခန္ဓာရဲ့ အပြစ်မမြင်တော့ သူများခန္ဓာရဲ့ အပြစ်ကို မမြင်ဘူး။ မိမိခန္ဓာရဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘတွေက ခန္ဓာရဲ့ အပြစ်တွေပဲ။ တစ်လောကလုံးလည်း ခန္ဓာနဲ့တည်ဆောက်ထားတာ။ ဘဝတိုင်း ဘဝတိုင်းက ခန္ဓာတွေနဲ့ တည်ဆောက်ထားတာ။ ရုပ်နာမ်တွေနဲ့ တည်ဆောက်ထားတာ။ ရုပ်တွေ နာမ်တွေဟာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားတွေ၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားတွေကို မမြင်နိုင်တဲ့အတွက် သံသရာမှာပျော်တယ်၊ သံသရာကို မငြီးငွေ့ဘူး။ သံသရာမှာပျော်တော့ သံသရာလည်တာပေါ့။ ပျော်ရင် လည်မှာပဲ။ လည်တာကြာရင် မြုပ်ဖို့ မသောချာပေဘူးလား။ အဝီစိရောက်တဲ့အထိကို မြုပ်သွားမှာ။ လောကသံသရာကြီးဟာ ဘေးတွေရန်တွေ အများကြီးပဲ။ မိမိတို့သိတဲ့ ဘေးရန်အန္တရာယ်တွေထက် မသိတဲ့ဘေးရန်အန္တရာယ်တွေက အများကြီးပါ။ မိမိခန္ဓာကိုယ်တွေထဲမှာ ရောဂါတွေဖြစ်နေတာ တော်တော်နဲ့မသိပါဘူး။ နောက်မှသိတာ…

    ဥစ္စာပည်းတွေကျတော့ ရန်သူမျိုးငါးပါးက နှိပ်စက်တယ်။ မိမိတို့ ခန္ဓာကိုယ်ကြီးကျတော့ (၉၆)ပါးသော ရောဂါဝေဒနာ တွေ က အမျိုးမျိုးနှိပ်စက်တယ်။ မိမိတို့စိတ်ကိုကျတော့ ကိလေသာတွေက နှိပ်စက်နေတယ်။ စိတ်ကောင်းစိတ်မြတ်တွေ ရှိပါလျက်နဲ့၊ မဂ်ဥာဏ်ဖိုလ်ဥာဏ်ကို ရအောင်မလုပ်နိုင်ဘူး။ လောဘ၊ ဒေါသ၊ မောဟက အမြဲတမ်း နှောင့်ယှက်နေတယ်။ ဒါကြောင့် လောကသံသရာကြီးဟာ အန္တရာယ်တွေ အင်မတန်ကိုမှ များပါတယ်။ သံသရာကို မီးပုံကြီးလို မြင်ရမယ်။ ဟောဒီသံသရာကြီးဟာ လူသတ်ကွင်းပဲ၊ (၃၁) ဘုံဟာ လူသတ်ကွင်း။ အမြဲတမ်းအသတ်ခံနေရတဲ့နေရာဟာ (၃၁)ဘုံပဲ။ (၃၁)ဘုံကို ဇရာကလည်းနှိပ်စက်တယ်။ဗျာတိကလည်းနှိပ်စက်တယ်၊မရဏကလည်းနှိပ်စက်ပြန်တယ်၊ဝဋ်ကြွေးတွေကလည်း နှိပ်စက်သေးတယ်။ ကိလေသာကလည်းနှိပ်စက်တယ်၊ ခန္ဓာမှန်သမျှကို ဝိုင်းပြီးနှိပ်စက်နေတယ်။ ကိုယ့်ရင်ထဲက လောဘ၊ ဒေါသ၊ မောဟက ကိုယ့်ကိုပြန်နှိပ်စက်တယ်။ “သံကိုသံဖျက် သံချေးတက်” ဒီသံကဖြစ်တဲ့ သံချေးက ဒီသံကိုပြန်ပြီး ဖျက်ဆီးပစ်သလို…ကိုယ့်ရင်ထဲက လောဘ၊ ဒေါသ၊ မောဟတွေက ဒီခန္ဓာကိုယ်ကိုပဲ ညစ်နွမ်းအောင်၊ ပျက်စီးအောင်၊ အပါယ်ကျအောင် ပြန်ပြီးလုပ်တယ်။ အတိတ်အတိတ်က ပါလာတဲ့ဝဋ်ကြွေးတွေကလည်း မညှာဘူး။ အတင်း နှိပ်စက်နေတယ်။ ကျိုးအောင်၊ ကန်းအောင်၊ သေအောင်နှိပ်စက်တယ်။ ဇရာ၊ ဗျာဓိ၊ မရဏကလည်း နှိပ်စက်တယ်၊ ခန္ဓာရထားတဲ့သူ မှန်သမျှဟာ တစ်နေ့ကျရင်သေရမှာပဲ။

    ဒါကြောင့်မို့ ခန္ဓာရတဲ့ပုဂ္ဂိုလ်မှန်သမျှဟာ…
    သတ်ကွင်းထဲရောက်နေသလိုပဲ။ သတ်ကွင်းထဲရောက်နေရင် ဟိုဘက်ကပစ်၊ဒီဘက်ကပစ်၊ ရှေ့ကပစ်၊ နောက်ကပစ် ရှောင်လို့ကို မရဘူး။ ခန္ဓာရတဲ့ပုဂ္ဂိုလ်တွေဟာလည်း ဘယ်လိုမှ ရှောင်လို့မရဘူး၊ ဆေးတွေဘယ်လောက်ကောင်းကောင်း တန်းခိုးတွေ ဘယ်လောက်ရှိရှိ နောက်ဆုံးကျတော့ သေတာပဲ။ အဲဒီလို ခန္ဓာရဲ့အပြစ်၊ သံသရာရဲ့အပြစ်ကို ဘာဖြစ်လို့မမြင်ကြတာလည်းဆိုတော့ ကုသိုလ်တွေလုပ်တဲ့အချိန်မှာ ဒိဋ္ဌိတွေ၊တဏှာတွေ ဦးစီးတာများလို့ပါ။ကုသိုလ်လုပ်တယ်၊ ငါကုသိုလ်လုပ်နေတယ်၊ ကုသိုလ်လုပ်တာလည်းငါပဲ၊ နောက်ဘဝခံစားရမှာလည်းငါပဲလို့ထင်နေတယ်။ “ငါထင်တာက သက္ကာယဒိဋ္ဌိ ”။ ကုသိုလ်ရဲ့အကျိုးပေးကို သာယာတာက တဏှာ။ တစ်ဘဝတစ်ဘဝဆက်တိုက်နေတာပဲ မပြတ်ဘူးလို့ ယူဆတဲ့သဘောက “သဿတဒိဋ္ဌိ” သဿတဒိဋ္ဌိဆိုတာ“ သက္ကာယဒိဋ္ဌိ” က ဆင်းသက်လာတာ၊ အမှန်ကငါဆိုတာမရှိဘူး။ ရုပ်၊ နာမ်၊ သဘောမျှပဲမဟုတ်လား..

    ပြောတာကအပြစ်မရှိပါဘူး၊ သမုတ်သစ္စာအနေနဲ့ပြောရမှာပဲ။ ပရမတ္ထသစ္စာအနေနဲ့တော့သိနေရမယ်။ သဘောပေါက်နေရမယ်။ ဒိဋ္ဌိကြောင့်အယူမှား၊ အမှတ်မှား၊ အသိမှားတွေ မဖြစ်ရလေအောင်သတိထားရမယ်။ ဗုဒ္ဓဘာသာဟာ ဘာသာတွေထဲမှာ အမြတ်ဆုံးဆိုတာ ဒီပရမတ္ထတရားတွေ၊ သစ္စာတရားတွေကို သိမြင်လို့ပဲ။ ဘယ်ဘာသာမျှ သိအောင်မလုပ်တတ်ဘူး။ ဗုဒ္ဓဘာသာမှာပဲ သစ္စာလေးပါးကို ကျကျနန ဟောတတ်တာ။ ဗုဒ္ဓဘာသာဝင်တွေ လှူတဲ့အခါမှာ တရားနာတဲ့ပုဂ္ဂိုလ်ရှိတယ်။ မနာတဲ့ပုဂ္ဂိုလ်ရှိတယ်။ တရားနာတဲ့အခါမှာ မှတ်မှတ်သားသားနာတဲ့ ပုဂ္ဂိုလ်ရှိတယ်။ ပေါ့ပေါ့ဆဆနာတဲ့ပုဂ္ဂိုလ်ရှိတယ်။ တရားမနာတဲ့ပုဂ္ဂိုလ်ကတော့ ဘာမျှမသိဘူးပေါ့။ ပေါ့ပေါ့ဆဆနာတဲ့ပုဂ္ဂိုလ်ကလည်း သေသေချာချာမသိပါဘူး။ တရားလည်းနာတယ် တရားလည်းအားထုတ်တဲ့ ပုဂ္ဂိုလ်ကသိတယ်။ မလွှဲသာမရှောင်သာလို့ လုပ်နေရတဲ့အလုပ်ကို ဘဝဝဋ်ကြွေးအရ လုပ်နေရသော်လည်းပဲ မပျော်မွေ့ဘူး၊ သံသရာကို ငြီးငွေ့တယ်၊ ခန္ဓာကိုလည်းငြီးငွေ့တယ် ခန္ဓာအပြစ်၊ သံသရာအပြစ်ကို မြင်တယ်။ လုပ်ငန်းနဲ့စိတ်ဓာတ်က မတူပါဘူး။ လုပ်ငန်းက ဘဝပေးအခြေအနေအရ မလွှဲသာမရှောင်သာတဲ့အလုပ်တွေ လုပ်နေရသော်လည်းပဲ၊ စိတ်ကနိဗ္ဗာန်ကို အမြဲတမ်းရည်ရွယ်နေတယ်။ (၃၁) ဘုံ သံသရာထဲမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျင်လည်နေတာမဟုတ်ပါဘူး။ မက်မက်မောမောနဲ့ ကျင်လည်နေတာမဟုတ်ပါဘူး။

    ကျားတွေ၊ ဆင်တွေ၊ မြွေကြီးတွေ၊ ကင်းခြေများကြီးတွေ အမျိုးမျိုးရှိတဲ့ တောကြီးထဲကို မလွှဲသာမရှောင်သာလို့ ကြောက်ကြောက်လန့်လန့်နဲ့ ဖြတ်သန်းသွားရတဲ့သဘော။ အန္တရာယ်တွေများလွန်းလို့ တောထဲမှာ နေကိုမနေချင်တဲ့သဘော။ (၃၁)ဘုံလည်းဒီအတိုင်းပဲ။ စီကာစဉ်ကာမပြောတတ်သော်လည်းပဲ၊ ရင်ထဲမှာ(၃၁) ဘုံကို မီးပုံကြီးလိုမြင်တယ်၊ လူသတ်ကုန်းလိုမြင်တယ်၊ (၃၁)ဘုံကိုသမုဒ္ဒရာကြီးလို မြင်တယ်၊ သဲကန္တာရကြီးလိုမြင်တယ်၊ (၃၁) ဘုံကို သားရဲတိရိစ္ဆာန်ပေါ့များပြီး အင်မတန်မှ ကြောက်စရာကောင်း နက်ရှိုင်းတဲ့ တောအုပ်ကြီးလို ထင်တယ်၊ ဥာဏ်ပညာဦးစီးတဲ့ပုဂ္ဂိုလ်က ကောင်းကောင်းထင်တယ်။ ဥာဏ်ပညာ မဦီးစီးတဲ့ပုဂ္ဂိုလ်တွေက (၃၁) ဘုံမှာ…

    ရောက်ရာဘဝ ရအာရုံနဲ့ပျော်နေကြတာပဲ။ ငယ်တဲ့သူတွေကလည်း ငယ်တဲ့အလျှောက်၊ သူငယ်ချင်း အပေါင်းအသင်း တွေနဲ့ကစားကြ၊ ရုပ်ရှင်တွေကြည့်ကြ၊ လူလတ်ပိုင်းတွေကျတော့လည်း အလုပ်တွေနဲ့ပျော်၊ ရာထူးနဲ့ပျော်၊ ပစ္စည်းနဲ့ပျော်၊ ဇနီးခင်ပွန်းသားသမီးတွေနဲ့ပျော်၊ ပျော်လို့ကိုမဆုံးနိုင်ဘူး။ အသက်ကြီးတဲ့သူတွေကျလည်းအသက်ကြီးတယ်လို့ မပျော်နိုင်ဘူးလို့မထင်နဲ့ မြေးတွေ၊ မြစ်တွေ၊ ခွေးတွေ၊ ကြောင်တွေနဲ့ပျော်နေကြတာပဲ။ သားသမီး အရင်းမရှိတဲ့ သူတွေလည်း တပည့်တွေနဲ့ပျော်နေကြတာပဲ။ ဆင်းဆင်းရဲရဲ လုပ်နေရတဲ့သူကလည်း ချွေးတွေဒီးဒီးကျနေပါစေ၊ ပျော်နေတာပဲ။ ချမ်းချမ်းသာသာသမားကတော့ ပိုပြီးပျော်တာပေါ့၊ သောက်ကြ စားကြ၊ ကာမဂုဏ်တွေခံစားကြနဲ့ ဘဝကိုခံစားဖို့၊ ပျော်ပါးဖို့လို့မြင်တယ်။ ဘဝကိုပန်းတိုင်အနေနဲ့မြင်တယ်။ ဘဝလွတ်မြောက်ရေးကို ထည့်ကိုမစဉ်းတော့ဘူး။ ဘဝကောင်း ဘဝမြတ်၊ ကောင်းသထက်ကောင်း မြတ်သထက်မြတ်၊ အဲဒါဆို သူ့ရဲ့ဘဝက ကမ်းကုန်ပြီ။ ဘဝကောင်း ဘဝမြတ် ရဖို့ပဲ၊ သူလုပ်သမျှ ကုသိုလ်တွေက ဘဝကောင်း ဘဝမြတ်ရဖို့ပဲ၊ ကောင်းကောင်းခံစားဖို့ပါပဲ။ အဓိက ဒါပါပဲ။ လူအများစုဟာလည်း အဲဒီလိုပဲမြင်ကြတယ်။

    ဘဝကို သာယာသဖွယ်၊ မြတ်နိုးသဖွယ်လို့ထင်နေကြတယ်။ ဘဝကိုပျော်စရာရွှင်စရာလို့ပဲမြင်နေကြတယ်ထင်တယ်။ ပျော်စရာ ရွှင်စရာတွေရဲ့နောက်မှာ မချိမဆံ့ ဒုက္ခရောက်နေတာကိုတော့ မမြင်ဘူး။ ကိုယ့်ဆွေကိုယ့်မျိုးတွေ ကိုယ့်မျက်စိရှေ့မှာတွင် သေသေသွားကြာတာအများကြီးပါပဲ။ ဘယ်ရာက်သွားမှန်းမသိဘူး။ များသောအားဖြင့်တော့ အပါယ်လေးပါး ရောက်သွားကြတာပေါ့။ မေ့လျော့ပေါ့ဆနေကြတဲ့ ပုဂ္ဂိုလ်ကြီးများရဲ့ ဆုံဆည်းရာပေါ့ဗျာ။ ခဏခဏ ရောက်ဖူးနေတဲ့ ဆုံဆည်းရာနေရာမှာပဲ ပြန်ဆုံတာမဟုတ်ဘူးလား…

    ဒါကြောင့်ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးက…
    ခင်ဗျာတို့လုပ်နေတာ အကုန်လုံး အလွဲအချော်တွေချည်းပဲ လို့မိန့်တော်မူတာ။ သံသရာလည်ကြောင်းတွေပဲ လုပ်နေတာ မလွဲဘဲနေပါ့မလား။ တစ်နေ့လာလည်း စားဝတ်နေရေးလုပ်လိုက်၊ အိပ်လိုက်၊ နောက်တစ်နေ့လာလည်း စားဝတ်နေရေးလုပ်လိုက်၊ အိပ်လိုက်ဆိုတော့ ရုပ်တွေ နာမ်တွေ၊ အကြောင်းအကျိုးတွေ သိပါဦးတော့မလား။ အမှန်ကို အမှန်အတိုင်းမသိတော့ လောဘဖြစ်လိုက်၊ ဒေါသဖြစ်လိုက်၊ မောဟဖြစ်လိုက်ဆိုတော့…အကုသိုလ်တွေက စုဘူးကြီးနဲ့ပြည့်ကျပ်နေပြီ။ စုတိပျက်ကြွေလို့ စုဘူးကြီးဖွင့်တဲ့အခါကျတော့ ဘယ်ရောက်ဖို့များမလဲ။ လူတစ်သိန်းတစ်ယောက် သုဂတိမရောက်တဲ့။ အများစုက ဆုံဆည်းရာဆိုတဲ့ အပါယ်လေးပါးရောက်သွားတာပဲ။ အပါယ်လေးပါးကို တစ်ကြိမ်ကျ ပြီးပြီဆိုရင်လည်း အကုသိုလ်ကံဟောင်းတွေက ဆက်ကာဆက်ကာ အကျိုးပေးတော့တာ။ သုဂတိဘုံကိုပြန်ရောက်ဖို့ဆိုတာ အင်မတန်ခဲယာဉ်းသွားပြီ။ ခဲယာဉ်းပုံနဲ့ပတ်သတ်လို့ မြတ်စွာဘုရားက မဇ္ဈိမနိကာယ်၊ ဗာလပဏ္ဍိတသုတ်မှာ “လိပ်ကန်းနှင့် ထမ်းပိုး ” ဥပမာကို ဟောကြားတော်မူပါတယ်။ မျက်စိနှစ်ဖက်လုံးကန်းနေတဲ့ လိပ်ကန်းကြီးတစ်ကောင်ဟာ မဟာသမုဒ္ဒရာကြမ်းပြင်မှာ ခြေဦးတည့်ရာလျှောက်သွားနေတယ်။ အနှစ်တစ်ရာမျှတစ်ကြိမ်၊ ရေမျက်နှစ်ပြင်ပေါ်ကို ခေါင်းလေးပေါ်လာပြီးအသက်ရှူလေ့ရှိတယ်။

    အဲ့ဒီသမုဒ္ဒရာအတွင်းမှာပဲ အပေါက်တစ်ခုသာရှိတဲ့ ထမ်းပိုးတစ်ချောင်းဟာ ရေမျက်နှာပြင်မှာပေါ်ပြီး အရပ်ရှစ်မျက်နှာကို မျော့ချင်သလိုမျောာ့နေတယ်။ အဲဒီထမ်းပိုးငယ်ရဲ့ အပေါက်ထဲ လိပ်ကန်းရဲ့ဦးခေါင်းဟာ စွပ်မိဆိုတာ လွယ်ပါ့မလား။ မလွယ်ဘူး အင်မတန်မှကို ခဲယာဉ်းပါတယ်။ မဖြစ်နိုင်လောက်အောင်ကို ခဲယာဉ်းပါတယ်။ ဒါပေမယ့် လိပ်ကလည်းမသေဘူး၊ ထမ်းပိုးကလည်းမဆွေးဘူး၊ သမုဒ္ဒရာရေကလည်းမခန်းဘူးဆိုရင်တော့ နှစ်ပါင်းကုဋေကဋာ၊ ကမ္ဘာပေါင်း ကုဋေကုဋာကြာတဲ့အခါမှာ စွပ်နိုင်တဲ့အခွင့်အလမ်း ရှိပါသေးတယ်တဲ့။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ အပါယ်လေးဘုံကို ရောက်နေတဲ့လူတွေ လူပြန်ဖြစ်ဖို့၊ နတ်ပြန်ဖြစ်ဖို့ဆိုတာ ထမ်းပိုးအပေါက်ထဲ လိပ်ကန်းရဲ့ဦးခေါင်း စွပ်နိုင်တဲ့ အခွင့်အလမ်းထက်ကို အဆပေါင်းရာထောင်မက ခဲယာဉ်းသေးတယ်ဆိုတော့၊ သေသေချာချာ စဉ်းစားကြည့်ရင် အပါယ်လေးပါးရောက်မှာ အင်မတန်ကြောက်ဖို့မကောင်းပေဘူးလား။
    ဒါကြောင့်မို့ အပါယ်လေးပါး ကျစေနိုင်တဲ့ အကုသိုလ်တွေမလုပ်မိအောင် ရှောင်ရမယ်။

    ဘ၀နှောင်ကြိုး

    ဘ၀နှင့် ပတ်သတ်၍ လူတို့ အမျိုးမျိုးဖွင့်ဆိုကြ၏။ မိမိတို့ အကြိုက်စရိုက်လက္ခဏာအားလျှော်စွာ သန်ရာသန်ရာကို ရှုထောင့်အထွေထွေဖြင့် ဘ၀ကို ချဉ်းကပ်ကြည့်ကြ၏။ တစ်ထွာလောက်ကြည့်လျှင် တစ်လံလောက်မြင်တဲ့သူတွေလည်း ရှိမည်။ တစ်လံလောက်ကြည့်ပါလျှက် တစ်ထွာမျှ မြင်သူလည်း ရှိမည်။ အလှမ်းကျယ်၍ အလယ်အလပ်မြင်မိသူများလည်း ရှိမည်။ မြင်သည် အထင်နှင့် တကယ် မမြင်မိသူများလည်း ရှိမည်။မည်သို့ဖြစ်စေ စူးစမ်းဆင်ခြင်နိုင်မှုအရာတွင် အခြားသတ္တ၀ါများထက် သာလွန်နေသောလူသားများသည် ထိုစူးစမ်းမှုအတတ်ဖြင့်ပင် ယာဉ်ကျေးမှုသမိုင်းလှေကားကို အဆင့်ဆင့်ကျော်လွှားတက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ အဆုံးစွန်အားဖြင့် ဘ၀ကိုကြည့်ရှုပါလျှင် ဘ၀၏ ခါးသီးမှု အထွေထွေ အဆင်မပြေမှု အရပ်ရပ်၊ အတောမသတ်နိုင်သည့် ဒုက္ခအဖြာဖြာ၊ ဘာမဟုတ်မှု အဖုံဖုံ အလုံးစုံကို အမှန်တွေ့နိုင်၍ ဘ၀၏ လွတ်မြောက်ရာ ဟိုမှာဘက်ကမ်းဆီသို့ အရောက်လှမ်းနိုင်သူမှာလည်း ထိုလူသားများပင်ဖြစ်လေသည်။ တောင်မှခွါ၍ ခပ်လှမ်းလှမ်းအရပ်မှ ကြည့်ရှုမှသာ တောင်၏ပုံသဏ္ဍာန်ကို အမှန်တကယ်မြင်တွေ့နိုင်သကဲ့သို့၊ ဥယျာဉ်အတွင်းမှထွက်၍ အပြင်ဘက်က ကြည့်ရှုမှသာ ဥယျာဉ်၏ ပုံသဏ္ဍာန်ကို အမှန်တကယ်မြင်နိုင်သကဲ့သို့ ဘ၀၏စက်ဝန်းမှ ထွက်၍ လွတ်ကင်းရာအရပ်မှ ကြည့်ရှုမှသာလျှင် ဘ၀၏ အဓိပ္ပါယ်ကို တကယ်မြင်နိုင်ပေလိမ့်မည်။ စင်စစ်ဘ၀၏ အဓိပ္ပါယ်အစစ်ကို ရဟန္တာဖြစ်သွားကြသည့် ဘ၀မှ လွတ်မြောက်သူ လူသားတို့သာလျှင် အမှန်တကယ် နားလည်ပေနိုင်ပေမည်။ ။
    မိမိသည်ကား ပညာမျက်စိမရှိ၊ သညာသိ အကန်းသက်သက်ဖြင့် ဘ၀ကို ပုံဖော်နေရ၏။ စမ်းမိ စမ်းရာကို အမိအရဆုတ်ကိုင်၍ “ဒါကိုဘ၀”ဟု အားရပါးရ ငြင်းခုံနေရသော အချိန်မှာ အမှတ်မှားမှု (သညာဝိပလ္လသ) စိတ်အထင်လွဲချော်မှု (စိတ္တ၀ိပလ္လသ) အတွေးအမြင် လွဲမှားမှု (ဒိဠိဝိပလ္လသ) များကို မပယ်ရှားနိုင်သေးသော ပုထုဇဉ်အမျိုးများပီပီ မှန်သည်ထက် မှားသည်ဘက်က ပိုများပေလိမ့်မည်။ အချို့ပညာရှင်များက ဘ၀အကြောင်းကို နားလည်စရာမလို၊ ဘ၀၏ ဒုက္ခသုခကိုခံစားရန်သာ ရှိသည်ဟု ဆိုကြသည်။ အချို့ကမှု ဘ၀ခရီးစဉ်တွင် မွေးဖွားခြင်း၊ ရှင်သန်ခြင်း၊ သေဆုံးခြင်းဟူသော အဖြစ်အပျက်သုံးခုသာရှိသည်။ မွေးဖွားခြင်းကို မခံစားနိုင်၊ မသိနိုင်တော့။ သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါ ဆင်းရဲ့ဒုက္ခရောက်ကြရသည်။ အသက်ရှင်ဖို့ကိုမူ မေ့လျော့သွားကြသည်ဟု ဆိုကြသည်။ ဘ၀၌ အဓိပ္ပါယ်ကို ရှာခြင်းသည်ပင် အဟာရဖြစ်သည်ဟုလည်း တစ်ချို့က ဖွင့်ဆို မှတ်ချက်ပြုကြသည်။ ဘ၀ဟူသည် သေခြင်းတရားကို မေ့ထား၍ ပျော်ပျော်ပါးပါးကြီး စားသောက်နေထိုင်ရခြင်းဟုလည်း တစ်ချို့က ဆိုကြသည်။ ဘ၀ဟူသည် အခြေခံအားဖြင့် ဖြစ်၊ ပျက်၊တည် သဘောတရားသုံမျိုး ပေါင်းစပ်ထားခြင်းမျှသာဖြစ်၍ ဘ၀အရင်းခံ သဘော၍ အဓိပ္ပါယ်မရှိဟု ဆိုသူလည်း ရှိသည်။
    တစ်ချို့ကလည်း ဘ၀၏ အဓိပ္ပါယ်ဟူသည် ကောင်းကောင်းစား၍ ကောင်းကောင်းဝတ်ခြင်း မဟုတ်၊ ငြိမ်းချမ်းစွာနေထိုင်ရခြင်းသာဖြစ်၏။ သူတော်စင်တို့သည် ဘ၀ကိုငြိမ်းချမ်းစွာဖြင့် သက်သေပြခဲ့ကြသည်။ ပုထုဇဉ် လူသားတို့အတွက်ကား ယထာဘူတကျသော အမြင်သည် ဘ၀၏အနက်၊ ဘ၀၏ အဓိပ္ပါယ်၊ ဘ၀၏ပန်းတိုင်နှင့်စပ်သော အမြင်များဖြစ်၏။ ပညာရှင်တစ်ဦးကမူ ကမ္ဘာတစ်လွှားရှိ လူအများ၏ အစဉ်အမြဲချီးမွမ်းခြင်းခံရသော ဥာဏ်ကြီးရှင် သိပ္ပံပညာရှင်များသည်ပင် ဘ၀နှင့် ပတ်သတ်လာလျှင် ကကြီး ခကွေး မျှလောက်သာ ပြောပြနိုင်ကြသည်ဟုဆိုထားသည်။ ကျမ်းပြုအကျော် တောင်မြို့ မဟာဂန္ဓာရုံဆရာတော်က ဘ၀အမြင်နှင့် ပတ်သတ်၍ ဘ၀ဆိုတာ ရပ်တည်နေတာမဟုတ်၊ ခရီးရှည်တစ်ခုဖြစ်ကြောင်း၊ ဘယ်ကလာပြီး ဘယ်ကိုသွားရမည်ဆိုသည်ကို သိထားဖို့ကောင်းကြောင်း အမိန့်ရှိခဲ့ဖူးသည်။ လူမှုရေးနယ်ပယ်၌ နေ့စဉ်သုံးစွဲနေသော အနေအထားကို ကြည့်ရှုသောအခါ အသက် အရွယ် ပြောင်းလဲဖြစ်တည်မှုကိုလိုက်၍ ကလေးဘ၀၊ လူငယ်ဘ၀၊ လူကြီးဘ၀စသည်ဖြင့် သုံးစွဲကြသည်ကို တွေ့ရသည်။ ဆင်းရဲ့သာဘ၀၊ သူဌေးသူကြွယ်ဘ၀စသည်ဖြင့် လူနေမှု အဆင့်အတန်းအနိမ့်အမြင့်ကို ခွဲခြားရာ၌လည်း ဘ၀ကိုသုံးစွဲသည်။ အခြားသုံစွဲထားသည်များလည်း များစွာကျန်ရှိပေသေးသည်။ မည်သို့ပင်များပြားစေကာမူ သေသေချာချာစဉ်းစားကြည်လျှင် လက်ရှိလုပ်ဆောင်မှု၊ ဖြစ်တည်မှုကို ဘ၀ဟုသတ်မှတ်သည်။ ဤသဘောသဘာဝနှင့် အထက်က ဖော်ပြခဲ့သော အချက်များကို ကောက်ချက်ချကြည့်လျှင် ဘ၀ဟူသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်၊ အခြေအနေနှင့် အချိန်ခါကိုလိုက်၍ အမြဲတစေ ဖြစ်တည်ပြောင်းလဲနေသော သန္တတိအစဉ်အတန်း ကြီးတစ်ခုသာ ဖြစ်သည်ဟုဆိုသော် ရမည်ထင်သည်။ ဘ၀၏ အဓိပ္ပါယ်ကို ပညာရှင်တို့ဖွင့်ဆိုထားသည်များကိုပင် မှားသည်ဟူ၍လည်းကောင်း၊ မှန်သည်ဟူ၍လည်းကောင်း ဝေဖန်စိစစ်နိုင်စွမ်းအလျဉ်းမရှိပါပေ။ ဘ၀ဟူသောဝေါဟာရသည် ပါဠိစာပေမှ ဆင်းသက်လာသော ဝေါဟာရ ဖြစ်သည်။
    ပါဠိစာပေ နှင့် ဘဝ
    ပါဠိဟုခေါ်သော မဂဓအဘိဓာန်၌ “ဘ၀” ပုဒ်၏အနက်ကို (၇) မျိုးပြဆိုထားသည်။
    ၁။ ကြီးပွားခြင်း(၀ုဒ္ဓိ)
    ၂။ ဖြစ်ခြင်း(ဇနန)
    ၃။ ကာမဓာတ်စသည့်ဓာတ်သဘော(ကာမဓာတွာဒိ)
    ၄။ ရောက်ခြင်း(ပတ္တိ)
    ၅။ ထင်ရှားရှိခြင်း(သတ္တ)
    ၆။ သံသရာ(သံသရ)
    ၇။ သဿတအယူ (သဿတဒိဋ္ဌိ) တို့ဖြစ်သည်။ ဗုဒ္ဓအဘိဓမ္မာက ပြဆိုသော “ဘ၀”သည် အကောင်းအဆိုးနှစ်မျိုးကို ပြုလုပ်ဖန်တီးသည့် စေနတာဦးစီးသော နမ်တရားများနှင့် ဖန်တီးမှုကြောင့်ဖြစ်ပေါ်လာရသော ကောင်းကျိုးဆိုးကျိုး ၀ိပါတ်နာမ်ရုပ်တရားများသာဖြစ်သည်ဟု ဆို့ရပေမည်။ ဘ၀နှင့်ပတ်သတ်သောအမြင်တို့တွင့် ဗုဒ္ဓအဘိဓမ္မာ၏ အမြင်သည် လေးနက်မှုအရှိဆုံးနှင့် အသိမ်မွေ့ဆုံးသားဖြစ်ပေတော့သည်။
    နှောင်းကြိုး (သို့) သံယောဇဉ်
    မြတ်စွာဘုရားသည် အဘိဓမ္မာတရားတော်များကို ဟောကြားရာတွင် အချို့နေရာများတွင် သုတ္တန်နည်း၊ အဘိဓမ္မာနည်းဟု နည်းနှစ်မျိုးခွဲခြားကာ ဟောကြားလေ့ရှိ၏။ နာယူသူပုဂ္ဂိုလ်၏ အလိုဆန္ဒ ကျွတ်ထိုက်သူဝေနေယျတို့၏ အဇ္ဈာသယကိုငဲ့၍ ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် သဘာဝတရားသက်သက်ကိုသာ သိစေတော်မူလို၍ ဓမ္မဓိဋ္ဌာန်အားဖြင့် ဟောကြားတော်မူရာ၌ကား အဘိဓမ္မာနည်းကိုသာအသုံးပြုတော်မူ၏။ သံယောဇဉ်ဆယ်ပါးကို လည်း အဆိုပါနည်းနှစ်ပါးဖြင့် ဟောကြားတော်မူခဲ့၏။ ထိုတွင် သုတ္တန်နည်းဖြင့် ဟောကြားတော်မူခဲ့သော နှောင်ကြိုး(သို့) သံယောဇဉ်တရားများမှာ-
    ၁။ ကာမရာဂသံယောဇဉ်= ကာမဘ၀၌ တွယ်တာမှုဖြင့် ရစ်ဖွဲ့သော နှောင်ကြိုး
    ၂။ ရူပရာဂသံယောဇဉ်- ရူပဘ၀၌ တွယ်တာမှုဖြင့် ရစ်ဖွဲ့သောနှောင်ကြိုး
    ၃။ အရူပရာဂသံယောဇဉ်= အရူပဘ၀၌တွယ်တာမှုဖြင့် ရစ်ဖွဲ့သော နှောင်ကြိုး
    ၄။ ပဋိဃသံယောဇဉ်= ဒေါသ, အာဃာတဖြင့်ရစ်ဖွဲ့သောနှောင်ကြိုး
    ၅။ မာနသံယောဇဉ်= မောက်မာထောင်လွှားမှုဖြင့်ရစ်ဖွဲ့သော နှောင်ကြိုး
    ၆။ ဒိဋ္ဌိသံယောဇဉ်= အမြင်မှားမှုဖြင့်ရစ်ဖွဲ့သောနှောင်ကြိုး
    ၇။ သီလဗ္ဗတပရာမာသသံယောဇဉ်- နွားကျင့် ခွေးကျင့် စသောအကျင့်ဆိုးကို အမှန်ဟု မှားမှားယွင်းယွင်းသုံးသပ်ထင်မှတ်ခြင်းဖြင့်ရစ်ဖွဲ့သော နှောင်ကြိုး
    ၈။ ၀ိစိကိစ္ဆာသံယောဇဉ်= အမှန်တရားတို့၌ ယုံမှားခြင်းဟူသောသံသယဖြင့် ရစ်ဖွဲ့သော နှောင်ကြိုး
    ၉။ ဥဒ္ဓစ္စသံယောဇဉ်= အာရုံတစ်ခု၌ မငြိမ်မသက်ပျံ့လွင့်တက်ခြင်းဖြင့်ရစ်ဖွဲ့သောနှောင်ကြိုး
    ၁၀။ အ၀ိဇ္ဇာသံယောဇဉ်= အာရုံအမှန်ကို မသိ အမှားကို သိခြင်းဖြင့် ရစ်ဖွဲ့သောနှောင်ကြိုး ဟူ၍ နှောင်ကြိုး (၁၀) မျိုးရှိသည်။
    ထိုနှောင်ကြိုးဆယ်ချောင်းတို့သည် သတ္တ၀ါတို့၏ သတိအလစ်ကို ဖမ်း၍ စိတ်သန္တာန်အတွင်းဝယ် အမျိုးမျိုးခြယ်လှယ်ကာ သံသရာဝဋ်မှ မလွတ်အောင်ချည်နှောင်တတ်ကြလေသည်။ ။

    ချစ်သူရဲ့ စကားခြောက်ခွန်း

    မတ်စွာဘုရားရှင်လက်ထက်တော်အခါကပေါ့........

    နကုလမာတာနဲ့ နကုလပိတာ ဆိုပြီးလင်မယားနှစ်ယောက်ရှိတယ်(မြန်မာလိုဆိုရင်တော့ နကုလရဲ့ အမေနဲ့ အဖေပေါ့) နကုလပိတာဟာ အိပ်ရာထဲလဲနေပါတယ်။ ရောဂါဝေဒနာက ပြင်းထန်လွန်းလို့ သေခါနီးအချိန် ရောက်နေပြီဆိုပါတော့..။အဲဒီအချိန်မှာ သူ့ဇနီးမယားဖြစ်သူ နကုလမာတာက အခုလိုလာပြောပါတယ်---
    ၁။ ``သူကြွယ် သင်သည် ငဲ့ကွက်ခြင်းရှိလျက် မသေပါလင့်၊ ငဲ့ကွက်ခြင်းရှိလျက် သေခြင်းသည် ဆင်းရဲ ပါသည်၊ မြတ်စွာဘုရားကလည်း ငဲ့ကွက်ခြင်းရှိလျက်သေသောသူကို ကဲ့ရဲ့တော်မူပါသည်။ `ငါသေရင် ငါ့ဇနီး နကုလမာတာဟာ သားသမီးတွေကို ကျွေးမွေးစောင့်ရှောက်နိုင်မည်မဟုတ်၊ အိမ်ထောင်မှုကို ထိန်းသိမ်း နိုင်မည်မဟုတ်´ဟူ၍ မပူပန်ပါလင့်၊ ကျွန်မသည် ဗိုင်းငင်ခြင်း၊ သိုးမွေးရှင်းခြင်း စသောအလုပ်များကို ကျွမ်းကျင် ပါသည်။ သားငယ်သမီးငယ်များကို ကျွေးမွေးစောင့်ရှောက်နိုင်သူ၊ အိမ်ထောင်မှုကို ထိန်းသိမ်း နိုင်သူ ဖြစ်ပါသည်´(သူဌေးကတော်က ဗိုင်းငင်တတ်တယ်ဆိုတာက မတော်တဆမွဲသွားခဲ့ရင်တောင်
    ဒီပညာတွေနဲ့ သားသမီးတွေကို ၀၀လင်လင်လုပ်ကျွေးနိုင်ပါတယ်လို့ အဆုံးအစွန်ထိ ပြောလိုက်ခြင်း ဖြစ်ပါတယ်)
    ၂။ ``သူကြွယ် သင်သည် `ငါသေရင် ငါ့ဇနီးနကုလမာတာသည် နောက်ယောကျာင်္းထပ်ယူလိမ့်မည်´ ဟူ၍ မပူပန်ပါလင့်၊ သင်နဲ့ကျွန်မတို့သည် လွန်ခဲ့သော (၁၆)နှစ်မှစ၍ လူတို့၏ဗြဟ္မစရိယ အကျင့်မြတ်ကို ကျင့်သုံး နေခဲ့ကြသူများဖြစ်ပါသည်။´ (နေ့စဉ်ရှစ်ပါးသီလကို စောင့်ထိန်း၍ မေထုန်မှုကို လွန်ခဲ့သော၁၆နှစ်ကထဲက
    မပြုခဲ့ဘူးလို့ ဆိုလိုရင်းဖြစ်ပါတယ်။ ငါးပါးသီလက မိမိ၏ဇနီးမယား လင်ယောကျာင်္းနှင့် ကာမစပ်ယှက်မှု ပြုလို့ရသော်လည်း ရှစ်ပါးသီလစောင့်ထိန်းလျှင် မည်သူနှင့်မျှ စပ်ယှက်လို့မရပါ)
    ၃။ ``သူကြွယ် သင်သည် `ငါသေရင် ငါ့ဇနီးနကုလမာတာသည် မြတ်စွာဘုရားနှင့် ရဟန်းသံဃာတော်တို့ကို ဖူးမြင်ခြင်း ပြုတော့မည်မဟုတ်´ဟူ၍ မပူပန်ပါလင့်၊ ကျွန်မသည် သင်သေသွားပါက မြတ်စွာဘုရားနှင့် ရဟန်းသဃာတော်တို့ကို-ပို၍ပင်-ဖူးမြင်လိုပါလိမ့်မည်။´´
    ၄။ ``သူကြွယ် သင်သည် `ငါသေရင် ငါ့ဇနီးနကုလမာတာသည် သီလဖြည့်ကျင့်မှုကို ပြုတော့မည်မဟုတ်´ ဟူ၍ မပူပန်ပါလင့်၊ ကျွန်မသည် သီလဖြည့်ကျင့်မှု ပြုလေ့ရှိသော ဥပါသိကာမတို့တွင် တစ်ဦးအပါအ၀င် ဖြစ်ကြောင်း-မြတ်စွာဘုရားကိုယ်တိုင်-သိတော်မူပါသည်´´
    ၅။ ``သူကြွယ်သင်သည် `ငါ့ဇနီး နကုလမာတာသည် `အတွင်းဓာတ်၌ စိတ်ငြိမ်းချမ်းမှုကို မရသေး´ဟူ၍ မပူပန်ပါလင့်၊ ကျွန်မသည် အတွင်းဓာတ်၌ စိတ်ငြိမ်းချမ်းမှု ရရှိနေသည့် ဥပါသိကာမတို့တွင် တစ်ဦးအပါအ၀င် ဖြစ်ပါသည်။ ယုံမှားသံသယရှိနေလျှင် ဤအကြောင်းကို မြတ်စွာဘုရားကို မေးလျှောက်ကြည့်နိုင်ပါသည်´´
    ၆။ ``သူကြွယ် သင်သည် `ငါ့ဇနီးနကုလမာတာသည် မြတ်စွာဘုရားသာသနာတော်၌ ထောက်တည်ရာ မရရှာသေး´ဟူ၍ မပူပန်ပါလင့်၊ ကျွန်မသည် မြတ်စွာဘုရားသာသနာ၌ ထောက်တည်အားထားရာ ရပြီးသော ဥပါသိကာမတို့တွင် တစ်ဦးအပါအ၀င်ဖြစ်ပါသည်။ ဤအကြောင်းကိုလည်း မြတ်စွာဘုရားကို မေးလျှောက် ကြည့်နိုင်ပါသည်´´လို့အားပေးနှစ်သိမ့်ပေးပါတယ်။
    ထူးဆန်းတာတစ်ခုက သေအံ့ဆဲဆဲလူနာဖြစ်တဲ့ နကုလပိတာဟာ သူ့ဇနီးနကုလမာတာရဲ့ နှစ်သိမ့်စကားကို ကြားပြီးတဲ့ နောက်ပိုင်း ကျန်းမာရေးပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။ လမ်းလျှောက်နိုင်တဲ့ အနေအထားကို
    ရောက်ရှိလာတဲ့အခါမှာ တောင်ဝှေးလေး ထောက်ကာထောက်ကာနဲ့ ဘုရားဆီသွားပြီး ဒီအကြောင်းတွေကို ပြန်လည်လျှောက်ကြားခဲ့ပါတယ်။ သူကြွယ်ရဲ့လျှောက်ထားမှုကို ကြားရတဲ့မြတ်စွာဘုရားဟာ..................
    ``သူကြွယ် သင်သည် နကုလမာတာလို ချစ်ခင်ကြင်နာစွာဖြင့် အားပေးဆုံးမစကား ပြောကြားပေးတတ်တဲ့ ဇနီးမယားကို ရရှိခဲ့ခြင်းမှာ အရတော်လှပေ၏´´လို့ ချီးကျူးစကား မိန့်ကြားတော်မူခဲ့ပါတယ်။
    ဟုတ်ပါတယ်..။ ဒီလို သေအံ့ဆဲဆဲ ခင်ပွန်းသည်ကို အခုလိုတည်တည်ငြိမ်းနဲ့ အားပေးစကားပြောကြား ပေးတတ်တဲ့ ဇနီးမယားရရှိနိုင်ဖို့ဆိုတာ တကယ်ကို ခက်ခဲလွန်းပါတယ်။ အနားမှာ တငိုငို တရီရီနဲ့ ဘယ်လို့မှကို မကောင်းနိုင်ပါဘူး။ သေမယ့်သူလည်း အသေမဖြောင့်နိုင် ဘ၀ကူးမကောင်းနိုင်ပါဘူး။ ဒီလို လုပ်တတ်တဲ့မိန်းမက နည်းနည်းလေး တော်သေးတယ်လို့ ပြောမယ်ဆိုရင် ပြောလို့ရပါသေးတယ်။ မနေ့က ဆွမ်းစားသွားတော့ ဆွမ်းစားသွားရတဲ့ ဘေးအိမ်ကနေ ``သေမှာဖြင့်လည်း မြန်မြန်သေပါတော့.. ၊ ရှင့်ကို ဆေးကုပေးရလို့ ရှိတာတွေလည်း အကုန်ကုန်ပြီ၊ သေမှာကို အေးအေးမသေဘူး၊ ကျန်ခဲ့တဲ့သူတွေကို ဒုက္ခဖြစ်အောင်-လုပ်နေသေးတယ်´´တဲ့..။
    `သမာန်လူတစ်ယောက်ရဲ့ စကားအခွန်းတစ်ရာထက် ချစ်သူရဲ့စကားတစ်ခွန်းကပိုပြီးတန်းဖိုးရှိပါတယ်..တဲ့။ ဒါကြောင့် ကိုယ်တကယ်ချစ်တဲ့သူတွေကို ဘယ်တော့မှ ဒုက္ခရောက်အောင် မပြောကြားပါနဲ့..တဲ့။´ လူမှုဘ၀ တွေကို နေ့စဉ်ဖြတ်သန်းရင်ဆိုင်နေရတဲ့ လူတစ်ယောက်အဖို့တော့ အမြဲတမ်းကံကောင်းမနေနိုင်ပါဘူး။ ဒါကြောင့် ကံဆိုးနေတဲ့ ကိုယ်ချစ်သူကို အားပေးစကား နှစ်သိမ့်စကားပြောကြားပေးတတ်ဖို့ တကယ်ကို လိုအပ်ပါတယ်။
    ချစ်သူရဲ့စကားဟာ အားဆေးတစ်ခွက်ပဲလို့ လူငယ်တွေကပြေကြတယ်မို့လား..။ ဒီစကားလည်း တကယ်ကိုမှန်ကန်ပါတယ်။ ဒါကြောင့် ချစ်သူကို အားပေးနှစ်သိမ့်တတ်ပြီး ကောင်းရာကောင်းကြောင်းကို ညွှန်ပြနိုင်ကြပါစေလို့ ဆုတောင်းပေးရင်း ဒီတင်ပဲ အဆုံးသတ်လိုက်ပါတယ်။
    (ဓမ္မပဒ)

    ဘီလ်ကိတ်ပြောတဲ့ ဘ၀နေနည်း (၁၀) ချက်



    (၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။

    (၂) ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။ အကျိုးသက်ရောက်မှုကို အရင်လုပ် ပြီးမှ ကိုယ့်ရဲ့ခံစားချက်ကို ဆန်းစစ်ဖို့ လောကကြီးက ပိုမျှော်လင့်တယ်။

    (၃) ကျောင်းကနေခွါတာနဲ့ လခကောင်းမရနိုင်ဘူး။ ချက်ချင်း ဟမ်းဖုန်းချိတ်ထားတဲ့ ကွပ်ကဲသူ မဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွက် ကြိုးပမ်းအားထုတ်မှ ရနိုင်တယ်။

    (၄) ကျောင်းက ဆရာတွေကို ဆိုးတယ်လို့ ခင်ဗျားတို့ထင်ခဲ့ရင် တစ်နေ့ခင်ဗျားတို့ ကုမ္ပဏီသူဌေးတွေ ဖြစ်လာတဲ့အချိန်ကျရင် သိလိမ့်မယ်။ သူဌေးတွေက အလုပ်ကို အကြွေးမထားဘူး။

    (၅) ဟမ်ဘာဂါဆိုင်မှာ အလုပ်လုပ်လို့ ကိုယ့်ကို အသုံးမကျဘူးလို့ မထင်နဲ့။ ခင်ဗျား ဘိုးဘွားတွေက ဟမ်ဘာဂါအလုပ်အတွက် အဓိပ္ပါယ်တစ်ခု ဖွင့်လိုက်မယ်။ အဲဒါက "အခွင့်အရေး" တဲ့။

    (၆) ခင်ဗျား ဘာမှဖြစ်မလာတာ ခင်ဗျားမိဘတွေရဲ့ အမှားမဟုတ်ဘူး။ ဒါကြောင့် ကိုယ်လုပ်တဲ့ အမှားအတွက် ဒေါသထွက်မနေနဲ့။ အမှားထဲက သင်ယူပါ။

    (၇) ခင်ဗျားမမွေးဖွားခင် ခင်ဗျားမိဘတွေက အခုလိုထိုင်းမှိုင်းနေတာ မဟုတ်ဘူး။ သူတို့ အခုလို ထိုင်းမှိုင်းရတာက ခင်ဗျားအသုံးစရိတ်အတွက် ရှာနေလို့၊ ခင်ဗျားရဲ့ အဝတ်တွေ လျှော်ရလို့၊ ကိုယ့်ကိုယ်ကိုတော်ကြောင်း အပြောကြီးတဲ့ ခင်ဗျားရဲ့စကားကို နားထောင်နေရလို့ဖြစ်တယ်။ ဒါကြောင့် ခင်ဗျားမိဘတို့ခေတ်က ဖျက်ဆီးခဲ့တဲ့ အပူပိုင်းဇုံသစ်တောကို ခင်ဗျား ပြုပြင်ကယ်တင်ဖို့ မကြိုးစားခင် ခင်ဗျားရဲ့ အိပ်ရာကို အရင်သန့်ရှင်းလိုက်ပါ။

    (၈) ကျောင်းမှာ နိုင်သူနဲ့ ရှုံးသူဆိုတာရှိတယ်။ ဘဝမှာ မရှိဘူး။ ကျောင်းက ခင်ဗျားကို အခွင့်အရေး မပြတ်ပေးပြီး အဖြေမှန်ရဖို့ ရှာခိုင်းလိမ့်မယ်။ တကယ့်လက်တွေ့ဘဝမှာတော့ ဒီလိုမရှိဘူး။

    (၉) တီဗွီထဲ သရုပ်ဆောင်တာတွေက တကယ့်ဘဝတွေ မဟုတ်ဘူး။ တကယ့်ဘဝက လူတိုင်း ကော်ဖီဆိုင်ကို ကျောခိုင်းပြီး အလုပ်ထဲ ဝင်ရတာချည်းပဲ။

    (၁ဝ) စာဂျပိုးတွေကို တလေးတစား ဆက်ဆံပါ။ တစ်ချိန်ချိန် သူတို့ထဲက တစ်ယောက်ဆီမှာ ခင်ဗျား အလုပ်လုပ်ဖြစ်လိမ့်မယ်။
    ဘီလ်ကိတ်ရဲ့မှတ်စုမှ ကောက်နှုတ်တင်ပြလိုက်ပါတယ်။ ။

    Money Make Everything ဆိုတာ တစ်ကယ်လား?






    1. ပိုက်ဆံပေးပြီး အစားအသောက်တွေ (Food) ကို မင်းဝယ်လို့ရလိမ့်မယ်၊ စားချင်စိတ် (Appetite) ကို ဝယ်လို့မရဘူး။
    2. ပိုက်ဆံပေးပြီး ဟာသတွေ (Fun) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ ပျော်ရွှင်ခြင်း (Joy) ကို ဝယ်လို့မရဘူး။
    3. ပိုက်ဆံပေးပြီး အပေါစားမိန်းမတွေ အများကြီး ကို မင်း ဝယ်နိုင်လိမ့်မယ်၊ မေတ္တာတရား (Love) ကို ဝယ်လို့မရဘူး။
    4. ပိုက်ဆံပေးပြီး ဆေးဝါးပစ္စည်းတွေ (Medicine) ကို မင်းဝယ်လို့ရလိမ့်မယ်၊ ကျန်းမာခြင်း (Health) ကို ဝယ်လို့မရဘူး။
    5. ပိုက်ဆံပေးပြီး စာအုပ်တွေ အများကြီး (Books) ကို မင်းဝယ်လို့ရလိမ့်မယ်၊ အသိပညာ (Knowledge) ကို ဝယ်လို့မရဘူး။
    6. ပိုက်ဆံပေးပြီး အိမ် ဆိုတဲ့ အဆောက်အဦး (House) ကို မင်းဝယ်လို့ရလိမ့်မယ်၊ ကိုယ့်မြေ ကိုယ့်ရေနဲ့ ရှင်သန်ရာ ဘဝ အိမ် (Home) ကို ဝယ်လို့မရဘူး။
    7. ပိုက်ဆံပေးပြီး အိပ်ယာ အကောင်းစားတွေ (Bed) ကို မင်းဝယ်နိုင်လိမ့်မယ်၊ ချိုမြိန်စွာ အိပ်စက်ခြင်း (Sleep) ကို ဝယ်လို့မရဘူး။
    8. ပိုက်ဆံပေးပြီး အရေးပါတဲ့ နေရာတစ်နေရာ (Position) ကို မင်းဝယ်လို့ရလိမ့်မယ်၊ လေးစားမှု (Respect) ကို ဝယ်လို့မရဘူး။
    9. ပိုက်ဆံပေးပြီး ဖိတ်ဖိတ်တောက်နေတဲ့ အဖိုးတန် ပစ္စည်းတွေ (Glitter) ကို မင်းဝယ်လို့ရလိမ့်မယ်၊ လှပ တင့်တယ်မှု (Beauty) ကို ဝယ်လို့မရဘူး။
    10. ပိုက်ဆံပေးပြီး နာရီ (Clock) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ အချိန် (Time) ကို ဝယ်လို့မရဘူး။
    11. ပိုက်ဆံပေးပြီး ဂြိုဟ်တုတစ်လုံး (Satellite) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ နည်းပညာ (Technique) ကို ဝယ်လို့မရဘူး။
    12. ငွေကြောင့် အသိအကျွမ်းတွေ အများကြီး (Acquaintances) မင်း ဖန်တီးနိုင်လိမ့်မယ်၊ မိတ်ဆွေစစ်တွေ (Friends) ကို ဝယ်လို့မရဘူး။
    13. ငွေကြောင့် အချွေအရံတွေ အများကြီး (Servant) မင်း ထားနိုင်လိမ့်မယ်။ သစ္စာရှိမှု (Faithfulness) ကို ဝယ်လို့မရဘူး။
    14. အနားယူချိန်တွေ၊ အားလပ်ချိန်တွေ (Leisure) ကို မင်း ဝယ်လို့ရချင် ရလိမ့်မယ်။ ငြိမ်းချမ်းခြင်း (Peace) ကို ဝယ်လို့မရဘူး။
    15. အဖြစ်ပျက် ဟောင်းတွေကိုသတိမရအောင် ခေတ်သစ် တစ်ခု (New Age) ကို မင်း ဝယ်နိုင်လိမ့်မယ်၊ လုံးဝ မေ့ပျောက်ခြင်း (forgets) ကို ဝယ်လို့မရဘူး။
    16. ငွေပုံပေးပြီး လူသတ်ခိုင်းလို့ရတယ်၊ အသက်တစ်ချောင်းကို ငွေပုံပေးပြီး ပြန်ရှင်အောင်လုပ်လို့မရဘူး။
    17. ငွေပုံပေးပြီး အရှက်ကွဲအောင် လုပ်လို့ရတယ်၊ အရှက်တကွဲ အကျိုးနည်း ဖြစ်သွားပြီးရင်တော့ ငွေပုံပေးပြီး သိက္ခာဆည်လို့မရဘူး။
    18. ငွေပုံပေးပြီး မလုပ်ဖြစ်အောင် မင်း တားနိုင်လိမ့်မယ်၊ လုပ်ပြီးသွားရင်တော့ ပကတိအတိုင်းဖြစ်အောင် ပြန်ကာလို့မရဘူး။
    19. ငွေပုံပေးပြီး အကောင်းပြောခိုင်းလို့ ရလိမ့်မယ်၊ အကောင်းမြင်ခိုင်းလို့မရဘူး။
    20. လောကတွင် ငွေရလျှင် ဘာမဆိုလုပ်မည်၊ အရာအားလုံး ရင်းနိုင်သည်ဟူသောသူ နှစ်မျိုးသာရှိတယ်။
      (1) တစ်မျိုးမှာ မွေးကတည်းက သူများသုံးသလို မသုံးရပဲ သူများသုံးသလို သုံးချင်သူ။
      (2) အသိပညာ နှင့် အတက်ပညာ နည်းပါးပြီး ပေါ့ပေါ့နေ ပေါ့ပေါ့စားချင်သူ.....