Thursday, December 9, 2010

ဘဝဆိုတာာ ပျော်စရာလား

မိမိခန္ဓာရဲ့ အပြစ်မမြင်တော့ သူများခန္ဓာရဲ့ အပြစ်ကို မမြင်ဘူး။ မိမိခန္ဓာရဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘတွေက ခန္ဓာရဲ့ အပြစ်တွေပဲ။ တစ်လောကလုံးလည်း ခန္ဓာနဲ့တည်ဆောက်ထားတာ။ ဘဝတိုင်း ဘဝတိုင်းက ခန္ဓာတွေနဲ့ တည်ဆောက်ထားတာ။ ရုပ်နာမ်တွေနဲ့ တည်ဆောက်ထားတာ။ ရုပ်တွေ နာမ်တွေဟာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားတွေ၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားတွေကို မမြင်နိုင်တဲ့အတွက် သံသရာမှာပျော်တယ်၊ သံသရာကို မငြီးငွေ့ဘူး။ သံသရာမှာပျော်တော့ သံသရာလည်တာပေါ့။ ပျော်ရင် လည်မှာပဲ။ လည်တာကြာရင် မြုပ်ဖို့ မသောချာပေဘူးလား။ အဝီစိရောက်တဲ့အထိကို မြုပ်သွားမှာ။ လောကသံသရာကြီးဟာ ဘေးတွေရန်တွေ အများကြီးပဲ။ မိမိတို့သိတဲ့ ဘေးရန်အန္တရာယ်တွေထက် မသိတဲ့ဘေးရန်အန္တရာယ်တွေက အများကြီးပါ။ မိမိခန္ဓာကိုယ်တွေထဲမှာ ရောဂါတွေဖြစ်နေတာ တော်တော်နဲ့မသိပါဘူး။ နောက်မှသိတာ…

ဥစ္စာပည်းတွေကျတော့ ရန်သူမျိုးငါးပါးက နှိပ်စက်တယ်။ မိမိတို့ ခန္ဓာကိုယ်ကြီးကျတော့ (၉၆)ပါးသော ရောဂါဝေဒနာ တွေ က အမျိုးမျိုးနှိပ်စက်တယ်။ မိမိတို့စိတ်ကိုကျတော့ ကိလေသာတွေက နှိပ်စက်နေတယ်။ စိတ်ကောင်းစိတ်မြတ်တွေ ရှိပါလျက်နဲ့၊ မဂ်ဥာဏ်ဖိုလ်ဥာဏ်ကို ရအောင်မလုပ်နိုင်ဘူး။ လောဘ၊ ဒေါသ၊ မောဟက အမြဲတမ်း နှောင့်ယှက်နေတယ်။ ဒါကြောင့် လောကသံသရာကြီးဟာ အန္တရာယ်တွေ အင်မတန်ကိုမှ များပါတယ်။ သံသရာကို မီးပုံကြီးလို မြင်ရမယ်။ ဟောဒီသံသရာကြီးဟာ လူသတ်ကွင်းပဲ၊ (၃၁) ဘုံဟာ လူသတ်ကွင်း။ အမြဲတမ်းအသတ်ခံနေရတဲ့နေရာဟာ (၃၁)ဘုံပဲ။ (၃၁)ဘုံကို ဇရာကလည်းနှိပ်စက်တယ်။ဗျာတိကလည်းနှိပ်စက်တယ်၊မရဏကလည်းနှိပ်စက်ပြန်တယ်၊ဝဋ်ကြွေးတွေကလည်း နှိပ်စက်သေးတယ်။ ကိလေသာကလည်းနှိပ်စက်တယ်၊ ခန္ဓာမှန်သမျှကို ဝိုင်းပြီးနှိပ်စက်နေတယ်။ ကိုယ့်ရင်ထဲက လောဘ၊ ဒေါသ၊ မောဟက ကိုယ့်ကိုပြန်နှိပ်စက်တယ်။ “သံကိုသံဖျက် သံချေးတက်” ဒီသံကဖြစ်တဲ့ သံချေးက ဒီသံကိုပြန်ပြီး ဖျက်ဆီးပစ်သလို…ကိုယ့်ရင်ထဲက လောဘ၊ ဒေါသ၊ မောဟတွေက ဒီခန္ဓာကိုယ်ကိုပဲ ညစ်နွမ်းအောင်၊ ပျက်စီးအောင်၊ အပါယ်ကျအောင် ပြန်ပြီးလုပ်တယ်။ အတိတ်အတိတ်က ပါလာတဲ့ဝဋ်ကြွေးတွေကလည်း မညှာဘူး။ အတင်း နှိပ်စက်နေတယ်။ ကျိုးအောင်၊ ကန်းအောင်၊ သေအောင်နှိပ်စက်တယ်။ ဇရာ၊ ဗျာဓိ၊ မရဏကလည်း နှိပ်စက်တယ်၊ ခန္ဓာရထားတဲ့သူ မှန်သမျှဟာ တစ်နေ့ကျရင်သေရမှာပဲ။

ဒါကြောင့်မို့ ခန္ဓာရတဲ့ပုဂ္ဂိုလ်မှန်သမျှဟာ…
သတ်ကွင်းထဲရောက်နေသလိုပဲ။ သတ်ကွင်းထဲရောက်နေရင် ဟိုဘက်ကပစ်၊ဒီဘက်ကပစ်၊ ရှေ့ကပစ်၊ နောက်ကပစ် ရှောင်လို့ကို မရဘူး။ ခန္ဓာရတဲ့ပုဂ္ဂိုလ်တွေဟာလည်း ဘယ်လိုမှ ရှောင်လို့မရဘူး၊ ဆေးတွေဘယ်လောက်ကောင်းကောင်း တန်းခိုးတွေ ဘယ်လောက်ရှိရှိ နောက်ဆုံးကျတော့ သေတာပဲ။ အဲဒီလို ခန္ဓာရဲ့အပြစ်၊ သံသရာရဲ့အပြစ်ကို ဘာဖြစ်လို့မမြင်ကြတာလည်းဆိုတော့ ကုသိုလ်တွေလုပ်တဲ့အချိန်မှာ ဒိဋ္ဌိတွေ၊တဏှာတွေ ဦးစီးတာများလို့ပါ။ကုသိုလ်လုပ်တယ်၊ ငါကုသိုလ်လုပ်နေတယ်၊ ကုသိုလ်လုပ်တာလည်းငါပဲ၊ နောက်ဘဝခံစားရမှာလည်းငါပဲလို့ထင်နေတယ်။ “ငါထင်တာက သက္ကာယဒိဋ္ဌိ ”။ ကုသိုလ်ရဲ့အကျိုးပေးကို သာယာတာက တဏှာ။ တစ်ဘဝတစ်ဘဝဆက်တိုက်နေတာပဲ မပြတ်ဘူးလို့ ယူဆတဲ့သဘောက “သဿတဒိဋ္ဌိ” သဿတဒိဋ္ဌိဆိုတာ“ သက္ကာယဒိဋ္ဌိ” က ဆင်းသက်လာတာ၊ အမှန်ကငါဆိုတာမရှိဘူး။ ရုပ်၊ နာမ်၊ သဘောမျှပဲမဟုတ်လား..

ပြောတာကအပြစ်မရှိပါဘူး၊ သမုတ်သစ္စာအနေနဲ့ပြောရမှာပဲ။ ပရမတ္ထသစ္စာအနေနဲ့တော့သိနေရမယ်။ သဘောပေါက်နေရမယ်။ ဒိဋ္ဌိကြောင့်အယူမှား၊ အမှတ်မှား၊ အသိမှားတွေ မဖြစ်ရလေအောင်သတိထားရမယ်။ ဗုဒ္ဓဘာသာဟာ ဘာသာတွေထဲမှာ အမြတ်ဆုံးဆိုတာ ဒီပရမတ္ထတရားတွေ၊ သစ္စာတရားတွေကို သိမြင်လို့ပဲ။ ဘယ်ဘာသာမျှ သိအောင်မလုပ်တတ်ဘူး။ ဗုဒ္ဓဘာသာမှာပဲ သစ္စာလေးပါးကို ကျကျနန ဟောတတ်တာ။ ဗုဒ္ဓဘာသာဝင်တွေ လှူတဲ့အခါမှာ တရားနာတဲ့ပုဂ္ဂိုလ်ရှိတယ်။ မနာတဲ့ပုဂ္ဂိုလ်ရှိတယ်။ တရားနာတဲ့အခါမှာ မှတ်မှတ်သားသားနာတဲ့ ပုဂ္ဂိုလ်ရှိတယ်။ ပေါ့ပေါ့ဆဆနာတဲ့ပုဂ္ဂိုလ်ရှိတယ်။ တရားမနာတဲ့ပုဂ္ဂိုလ်ကတော့ ဘာမျှမသိဘူးပေါ့။ ပေါ့ပေါ့ဆဆနာတဲ့ပုဂ္ဂိုလ်ကလည်း သေသေချာချာမသိပါဘူး။ တရားလည်းနာတယ် တရားလည်းအားထုတ်တဲ့ ပုဂ္ဂိုလ်ကသိတယ်။ မလွှဲသာမရှောင်သာလို့ လုပ်နေရတဲ့အလုပ်ကို ဘဝဝဋ်ကြွေးအရ လုပ်နေရသော်လည်းပဲ မပျော်မွေ့ဘူး၊ သံသရာကို ငြီးငွေ့တယ်၊ ခန္ဓာကိုလည်းငြီးငွေ့တယ် ခန္ဓာအပြစ်၊ သံသရာအပြစ်ကို မြင်တယ်။ လုပ်ငန်းနဲ့စိတ်ဓာတ်က မတူပါဘူး။ လုပ်ငန်းက ဘဝပေးအခြေအနေအရ မလွှဲသာမရှောင်သာတဲ့အလုပ်တွေ လုပ်နေရသော်လည်းပဲ၊ စိတ်ကနိဗ္ဗာန်ကို အမြဲတမ်းရည်ရွယ်နေတယ်။ (၃၁) ဘုံ သံသရာထဲမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျင်လည်နေတာမဟုတ်ပါဘူး။ မက်မက်မောမောနဲ့ ကျင်လည်နေတာမဟုတ်ပါဘူး။

ကျားတွေ၊ ဆင်တွေ၊ မြွေကြီးတွေ၊ ကင်းခြေများကြီးတွေ အမျိုးမျိုးရှိတဲ့ တောကြီးထဲကို မလွှဲသာမရှောင်သာလို့ ကြောက်ကြောက်လန့်လန့်နဲ့ ဖြတ်သန်းသွားရတဲ့သဘော။ အန္တရာယ်တွေများလွန်းလို့ တောထဲမှာ နေကိုမနေချင်တဲ့သဘော။ (၃၁)ဘုံလည်းဒီအတိုင်းပဲ။ စီကာစဉ်ကာမပြောတတ်သော်လည်းပဲ၊ ရင်ထဲမှာ(၃၁) ဘုံကို မီးပုံကြီးလိုမြင်တယ်၊ လူသတ်ကုန်းလိုမြင်တယ်၊ (၃၁)ဘုံကိုသမုဒ္ဒရာကြီးလို မြင်တယ်၊ သဲကန္တာရကြီးလိုမြင်တယ်၊ (၃၁) ဘုံကို သားရဲတိရိစ္ဆာန်ပေါ့များပြီး အင်မတန်မှ ကြောက်စရာကောင်း နက်ရှိုင်းတဲ့ တောအုပ်ကြီးလို ထင်တယ်၊ ဥာဏ်ပညာဦးစီးတဲ့ပုဂ္ဂိုလ်က ကောင်းကောင်းထင်တယ်။ ဥာဏ်ပညာ မဦီးစီးတဲ့ပုဂ္ဂိုလ်တွေက (၃၁) ဘုံမှာ…

ရောက်ရာဘဝ ရအာရုံနဲ့ပျော်နေကြတာပဲ။ ငယ်တဲ့သူတွေကလည်း ငယ်တဲ့အလျှောက်၊ သူငယ်ချင်း အပေါင်းအသင်း တွေနဲ့ကစားကြ၊ ရုပ်ရှင်တွေကြည့်ကြ၊ လူလတ်ပိုင်းတွေကျတော့လည်း အလုပ်တွေနဲ့ပျော်၊ ရာထူးနဲ့ပျော်၊ ပစ္စည်းနဲ့ပျော်၊ ဇနီးခင်ပွန်းသားသမီးတွေနဲ့ပျော်၊ ပျော်လို့ကိုမဆုံးနိုင်ဘူး။ အသက်ကြီးတဲ့သူတွေကျလည်းအသက်ကြီးတယ်လို့ မပျော်နိုင်ဘူးလို့မထင်နဲ့ မြေးတွေ၊ မြစ်တွေ၊ ခွေးတွေ၊ ကြောင်တွေနဲ့ပျော်နေကြတာပဲ။ သားသမီး အရင်းမရှိတဲ့ သူတွေလည်း တပည့်တွေနဲ့ပျော်နေကြတာပဲ။ ဆင်းဆင်းရဲရဲ လုပ်နေရတဲ့သူကလည်း ချွေးတွေဒီးဒီးကျနေပါစေ၊ ပျော်နေတာပဲ။ ချမ်းချမ်းသာသာသမားကတော့ ပိုပြီးပျော်တာပေါ့၊ သောက်ကြ စားကြ၊ ကာမဂုဏ်တွေခံစားကြနဲ့ ဘဝကိုခံစားဖို့၊ ပျော်ပါးဖို့လို့မြင်တယ်။ ဘဝကိုပန်းတိုင်အနေနဲ့မြင်တယ်။ ဘဝလွတ်မြောက်ရေးကို ထည့်ကိုမစဉ်းတော့ဘူး။ ဘဝကောင်း ဘဝမြတ်၊ ကောင်းသထက်ကောင်း မြတ်သထက်မြတ်၊ အဲဒါဆို သူ့ရဲ့ဘဝက ကမ်းကုန်ပြီ။ ဘဝကောင်း ဘဝမြတ် ရဖို့ပဲ၊ သူလုပ်သမျှ ကုသိုလ်တွေက ဘဝကောင်း ဘဝမြတ်ရဖို့ပဲ၊ ကောင်းကောင်းခံစားဖို့ပါပဲ။ အဓိက ဒါပါပဲ။ လူအများစုဟာလည်း အဲဒီလိုပဲမြင်ကြတယ်။

ဘဝကို သာယာသဖွယ်၊ မြတ်နိုးသဖွယ်လို့ထင်နေကြတယ်။ ဘဝကိုပျော်စရာရွှင်စရာလို့ပဲမြင်နေကြတယ်ထင်တယ်။ ပျော်စရာ ရွှင်စရာတွေရဲ့နောက်မှာ မချိမဆံ့ ဒုက္ခရောက်နေတာကိုတော့ မမြင်ဘူး။ ကိုယ့်ဆွေကိုယ့်မျိုးတွေ ကိုယ့်မျက်စိရှေ့မှာတွင် သေသေသွားကြာတာအများကြီးပါပဲ။ ဘယ်ရာက်သွားမှန်းမသိဘူး။ များသောအားဖြင့်တော့ အပါယ်လေးပါး ရောက်သွားကြတာပေါ့။ မေ့လျော့ပေါ့ဆနေကြတဲ့ ပုဂ္ဂိုလ်ကြီးများရဲ့ ဆုံဆည်းရာပေါ့ဗျာ။ ခဏခဏ ရောက်ဖူးနေတဲ့ ဆုံဆည်းရာနေရာမှာပဲ ပြန်ဆုံတာမဟုတ်ဘူးလား…

ဒါကြောင့်ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးက…
ခင်ဗျာတို့လုပ်နေတာ အကုန်လုံး အလွဲအချော်တွေချည်းပဲ လို့မိန့်တော်မူတာ။ သံသရာလည်ကြောင်းတွေပဲ လုပ်နေတာ မလွဲဘဲနေပါ့မလား။ တစ်နေ့လာလည်း စားဝတ်နေရေးလုပ်လိုက်၊ အိပ်လိုက်၊ နောက်တစ်နေ့လာလည်း စားဝတ်နေရေးလုပ်လိုက်၊ အိပ်လိုက်ဆိုတော့ ရုပ်တွေ နာမ်တွေ၊ အကြောင်းအကျိုးတွေ သိပါဦးတော့မလား။ အမှန်ကို အမှန်အတိုင်းမသိတော့ လောဘဖြစ်လိုက်၊ ဒေါသဖြစ်လိုက်၊ မောဟဖြစ်လိုက်ဆိုတော့…အကုသိုလ်တွေက စုဘူးကြီးနဲ့ပြည့်ကျပ်နေပြီ။ စုတိပျက်ကြွေလို့ စုဘူးကြီးဖွင့်တဲ့အခါကျတော့ ဘယ်ရောက်ဖို့များမလဲ။ လူတစ်သိန်းတစ်ယောက် သုဂတိမရောက်တဲ့။ အများစုက ဆုံဆည်းရာဆိုတဲ့ အပါယ်လေးပါးရောက်သွားတာပဲ။ အပါယ်လေးပါးကို တစ်ကြိမ်ကျ ပြီးပြီဆိုရင်လည်း အကုသိုလ်ကံဟောင်းတွေက ဆက်ကာဆက်ကာ အကျိုးပေးတော့တာ။ သုဂတိဘုံကိုပြန်ရောက်ဖို့ဆိုတာ အင်မတန်ခဲယာဉ်းသွားပြီ။ ခဲယာဉ်းပုံနဲ့ပတ်သတ်လို့ မြတ်စွာဘုရားက မဇ္ဈိမနိကာယ်၊ ဗာလပဏ္ဍိတသုတ်မှာ “လိပ်ကန်းနှင့် ထမ်းပိုး ” ဥပမာကို ဟောကြားတော်မူပါတယ်။ မျက်စိနှစ်ဖက်လုံးကန်းနေတဲ့ လိပ်ကန်းကြီးတစ်ကောင်ဟာ မဟာသမုဒ္ဒရာကြမ်းပြင်မှာ ခြေဦးတည့်ရာလျှောက်သွားနေတယ်။ အနှစ်တစ်ရာမျှတစ်ကြိမ်၊ ရေမျက်နှစ်ပြင်ပေါ်ကို ခေါင်းလေးပေါ်လာပြီးအသက်ရှူလေ့ရှိတယ်။

အဲ့ဒီသမုဒ္ဒရာအတွင်းမှာပဲ အပေါက်တစ်ခုသာရှိတဲ့ ထမ်းပိုးတစ်ချောင်းဟာ ရေမျက်နှာပြင်မှာပေါ်ပြီး အရပ်ရှစ်မျက်နှာကို မျော့ချင်သလိုမျောာ့နေတယ်။ အဲဒီထမ်းပိုးငယ်ရဲ့ အပေါက်ထဲ လိပ်ကန်းရဲ့ဦးခေါင်းဟာ စွပ်မိဆိုတာ လွယ်ပါ့မလား။ မလွယ်ဘူး အင်မတန်မှကို ခဲယာဉ်းပါတယ်။ မဖြစ်နိုင်လောက်အောင်ကို ခဲယာဉ်းပါတယ်။ ဒါပေမယ့် လိပ်ကလည်းမသေဘူး၊ ထမ်းပိုးကလည်းမဆွေးဘူး၊ သမုဒ္ဒရာရေကလည်းမခန်းဘူးဆိုရင်တော့ နှစ်ပါင်းကုဋေကဋာ၊ ကမ္ဘာပေါင်း ကုဋေကုဋာကြာတဲ့အခါမှာ စွပ်နိုင်တဲ့အခွင့်အလမ်း ရှိပါသေးတယ်တဲ့။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ အပါယ်လေးဘုံကို ရောက်နေတဲ့လူတွေ လူပြန်ဖြစ်ဖို့၊ နတ်ပြန်ဖြစ်ဖို့ဆိုတာ ထမ်းပိုးအပေါက်ထဲ လိပ်ကန်းရဲ့ဦးခေါင်း စွပ်နိုင်တဲ့ အခွင့်အလမ်းထက်ကို အဆပေါင်းရာထောင်မက ခဲယာဉ်းသေးတယ်ဆိုတော့၊ သေသေချာချာ စဉ်းစားကြည့်ရင် အပါယ်လေးပါးရောက်မှာ အင်မတန်ကြောက်ဖို့မကောင်းပေဘူးလား။
ဒါကြောင့်မို့ အပါယ်လေးပါး ကျစေနိုင်တဲ့ အကုသိုလ်တွေမလုပ်မိအောင် ရှောင်ရမယ်။

No comments:

Post a Comment