Thursday, December 30, 2010

နှမလက်လျော့ နေလေတော့

                                     မကလျာသို့ အိပ်ဖွင့်ပေးစာ
 သို့ /
မကလျာ(ဇနပဒကလျာဏီ)
 ကပိလ၀တ္ထု                                                                                မှ/
                                                                                                 မင်းနန်(အရှင်နန္ဒ)
                                                                                                  သာဝတ္ထိပြည်
                                                                                                 ဇေတ၀န်ကျောင်း
မင်းနန်အပေါ် တွယ်ငြိမိခဲ့တဲ့ ကလျာရဲ့ သမုဒယတွေကြောင့် ဆင့်ပွားဖြစ်ပေါ်နေတဲ့ သောကတွေကို ငြိမ်းအေးစေရန် ရည်ရွယ်ရင် မင်းနန်း စာရေးလိုက်ပါတယ် ကလျာ… သည်စာမှာပြောခဲ့သော ကလျာနဲ့ ခွဲခွာခဲ့ရပြီး ရက်အနည်းငယ် အတွင်းမှာ လုံးဝမျော်လင့် မထားဘဲ ရရှိခဲ့တဲ့ ငြိမ်းအေးမှုတွေကို ပူဆွေးသောက ရောက်နေရှာတဲ့ ကလျာ့အတွက် ခွဲဝေပေးလိုက်တာပါကလျာ၊ မင်းနန်ကိုယ်တိုင် စာလာမပေးဘဲ ရွှေကျေးတမာလေးကို စာလွှာပါးလိုက်တာကလဲ အကြောင်းရှိပါတယ်၊ အဲဒါက ဘာလဲဆိုတော့ ပြောင်းလဲသွားတဲ့ မင်းနန်ကို ကလျာပြန်မြင်လိုက်ရင် ပိုပြီးတော့ နင်ကျည်းသွားလိမ့်မယ်၊ မင်းနန်ရှင်းရှင်းဘဲ ပြောလိုက်ပါမယ်၊ “ကလျာမျှော်လင့်ထားတဲ့ သံယောဇဉ် အကြင်နာမျက်ဝန်းလေးတွေ မခွဲနိုင်မခွာရက် ချည်နှောင်ရစ်တွယ်ထားတဲ့ သမုဒယကြိုးမျှင် ” ဆိုတာတွေဟာ မင်းနန်ရဲ့ ရင်ထဲမှာရော နှလုံးသားမှာပါ ဘာမှ မရှိတော့ဘူး ကလျာ၊ သည်လို သံယောဇဉ်တွေ မရှိတော့လို့ မင်းနန် ၀မ်းနည်းမယ်ထင်သလား? လုံးဝပါပဲ ကလျာ၊ မင်းနန်ရဲ့ သဏ္ဍာန်မှာ ပူဆွေးခြင်း (သောက) တက်မက်ခြင်း (တဏှာ)တွေဆိုတာ ကင်းရှင်းသွားပြီမို့ အနှိုင်းမဲ့ ငြိမ်းအေးမှုသဘောတရားတွေဘဲ ရှိတော့တယ်၊ ကလျာကိုစွန့်လွတ်ပြီးမှ ရရှိခဲ့တာမို့ စွန့်လွှတ်ခြင်းရလဒ်(နှမလက်လျော့နေလေတော့)လို့လည်း ခေါ်နိုင်ပါတယ်၊ သည်လိုငြိမ်းအေးခြင်း ချမ်းမြေ့ခြင်းတွေက ကလျာဆီကို ကူစက်စေချင်တာဟာ ‘ ရက်စက်၍ အသဲခွဲသူ ’ လို ကလျာသတ်မှတ်ထားမဲ့ ‘ယောက်ျားကောင်း မင်းနန် ’ ရဲ့ စေတနာတွေဆိုတာ စာကိုဆုံးအောင် ဖတ်ပြီးရင် ကလျာသဘောပေါက်လာမယ်လို့ မင်းနန်ယုံပါတယ်လေ။
ကလျာနဲ့ စတင်ခွဲခွာရတဲ့ နေ့တုန်းကဆိုရင် ကလျာလိုဘဲ မင်းနန်လဲ ရင်ထဲမချိအောင်ကို ခံစားခဲ့ရတာပါ၊ မင်းမျိုး မင်းနွယ် နဲ့ လူကုန်ထံတွေရဲ့ ရှေ့မှောက်မှာ ခမ်းနားစွား ကျင်းပယ့် စေ့စပ်ပွဲဟာ ဘယ်လောက်ထိ ထည်ဝါနေမယ်ဆိုတာ ကလျာရော မင်းနန်ပါ သိထားကြတာဘဲ၊ ပြီးတော့ စေ့စပ်ပွဲလာတက်တဲ့ သူတွေရဲ့ လက်ခုပ်သံတွေ ‘နေနဲ့လ ရွှေနဲ့မြ’ ဆိုတဲ့ ချီးမွမ်းစကားတွေဟာ မင်းနန်နဲ့ ကလျာတို့ရဲ့ စုံတွဲကို ရည်ညွန်းနေမယ် ဂုဏ်ပြုနေမယ်ဆိုတာလည်း လူတိုင်းသိနေတာဘဲလေ၊  ဒါပေမယ့် ကလျာရယ်… အဲဒီလို စေ့စပ်ပွဲကို တက်ဖို့ ကလျာအလှပြင်နေချိန်မှာဘဲ နောင်တော် ဘုရားက  ‘ ရော့ နန္ဒ ဆိုပြီး သပိတ်တော်ကို ပေးတော်မူခဲ့တယ် ’ “ဒီလောက်အရေးကြီးနေတဲ့ အချိန်မျိုးမှာတောင် နောင်တော်ဘုရားက သိရက်နဲ့ ကျောင်းတော်ကိုလိုက်ခဲ့ဖို့ ခေါ်သွားရက်တယ် ” ဆိုပြီး မင်းနန်ရဲ့ စိတ်ထဲမှာနောင်တော်ကို ပဋိဃသံယောဇဉ်လေးတွေ ဖွဲ့ခဲ့မိသေးတယ်လေ၊ ဒီအဖြစ်အပျက်တွေကို ကလျာရဲ့ အထိန်းတော် တစ်ယောက်က “သခင်မ သခင်မ မင်းနန်သပိတ်ထမ်းပြီး ဘုရားနောက်က လိုက်သွားပြီ သခင်မတို့ ဝေးကြရတော့မယ်” ဆိုပြီး ကလျာရွှေနားတော်ဆီင်္ရောက်အောင် ဆောင်ကျဉ်းပေးခဲ့တယ်မို့လား။
ဒီလိုနဲ့ သတို့သား မင်းနန်က သပိတ်လေး ပခုံးပေါ်တင်ပြီး ကျောင်းတော်ကို လိုက်အသွား ကလျာစံတော်တဲ့ အိမ်တော်ရှေ့ရောက်တော့ ခေါင်းလျှော်မပြီသေးတဲ့ မင်းနန်ရဲ့ ရွှေဖူးစာ ကလျာက အပြေးကလေး အိမ်ရှေ့ထွက်လာပြီး “မောင်တော် အချိန်မှီ ရောက်အောင် အမြန်ပြန်ခဲ့နော် ” ဆိုပြီး မှာလိုက်သေးတယ်လေ၊ အဲဒီကလျာရဲ့ နှလုံးသားဆီက ထွက်ပေါ်လာတဲ့ စကားသံလေးဟာ မင်းနန်ရဲ့ အသည်းမှာ နက်နက်ရှိုင်းရှိုင်း နေရာယူထားခဲ့တယ်လေ၊ ဒီနေရာမှာ နောင်တော် ဘုရားမဟုတ်ပဲ တစ်ခြားတစ်ယောက်သာဆိုရင် “ မင်းမျိုးမင်းနွယ် ” ဆိုပြီး အာဏာပါဝါတွေသုံးပြီ မင်းနန်နဲ့ ကလျာကို စိတ်ဆင်းရဲ့အောင်လုပ်မှုနဲ့ အကြီးလေးဆုံး ပြစ်ဒဏ်ပေးမိမှာ အမှန်ပါဘဲ ကလျာ၊ ဒါပေမယ့် ကလျာသိတဲ့အတိုင်းဘဲလေ.. မင်းနန်ရဲ့ နောင်တော် ဖြစ်ရုံသာမက လောကလူသားအားလုံး ဝေနေယျ သတ္တ၀ါအားလုံးက ဦးညွန်ရတဲ့ သုံးလောကထွဋ်ထား ရှင်တော်ဘုရားဖြစ်တော်မူနေတယ်လေ၊ ဘယ်ငြင်းရဲပါ့မလဲ ကလျာရယ်။ ကလျာကို ပိုင်ဆိုင်ခွင့် ရယုံတင်မက တိုင်းပြည်အုပ်ချူပ်မဲ့ ဘုရင်နေရာပါ မကြာခင်ရမဲ့ အခွင်းအရေးတွေအားလုံးကို လက်လွတ်ဆုံးရှုံးလိုက်ရတဲ့ မင်းနန်ရဲ့ ရင်ထဲ ဘယ်လောက်ထိ မချိတင်ကဲ ဖြစ်နေမယ်ဆိုတာ နောင်တော်လည်း သိနေမှာဘဲ ကလျာ၊ ဒါပေမယ့် ဒီအကြောင်းတွေနဲ့ ပတ်သတ်လို့ တစ်ခွန်းတစ်စမှ နောင်တော်အရှင်မြတ်က မေးတော်မမူခဲ့ဘူးကလျာရယ်၊ စကြာဝတေးမင်းအဖြစ်ကို စွန့်လွှတ်ယုံတင်မက မိဖုရား ယသော်နဲ့ ရွှေသားတော် ရာဟုလာတို့တထွေကို စွန့်လွတ်ပြီး ငြိမ်းအေးခြင်းရွှေနန်းနိဗ္ဗာန်ကို ရှာဖွေနိုင်တဲ့ ပုရိသုတ္တမ ဖြစ်နိုင်ခဲ့တဲ့ နောင်တော့်ကို ကြည်ညိုလေးစားပြီး အားကျပေမယ့် မင်းနန်ကတော့ ကလျာ့အပေါ်နှောင်ဖွဲမိနေတဲ့ သံယောဇဉ်ကျော့ကွင်း အချုပ်အခြာတွင်းက လွတ်မြောက်သွားမှာဘဲ စိုးရွံ့ထိတ်လန့်နေခဲ့တယ်လေ၊ နောက်ကျမှဘဲ ဒါတွေဟာ မောဟတွေပါလားဆိုတာ သိခဲ့ရတယ်ကလျာ၊ ကျောင်းတော်ကို ရောက်ပြီး သုံးရက်မြောက်နေ့မှာဘဲ လုံးဝထင်မှတ်မထားတဲ့ မေးခွန်းနဲ့ မင်းနန်ကို မေးတော်မူလိုက်တယ် “မင်းနန် မင်းသင်္ကန်းဝတ်နိုင်မလားတဲ့” အဲဒီအချိန်မှာ မင်းနန်သိပ်စိတ်ညစ်နေတယ် ကလျာ၊ ကလျာနဲ့ ခွဲခွာရတဲ့အသိ မလိုက်ချင်ပေမယ့် နောင်တော်ရဲ့ ကြီးမြတ်လွန်းတဲ့ အရှိန်အ၀ါကြောင့် ကျောင်းတော်ကို လိုက်ခဲ့ရတဲ့ အဖြစ်အပျက်၊ ပြီးတော့ အိမ်ရှေ့ပြတင်းပေါက်ဝကနေ “မောင်တော် အချိန်မှီ ပြန်လာနော်” ဆိုတဲ့ ကလျာရဲ့ အသံလေး အခုကျပြန်တော့လည်း “မင်းနန် မင်းသင်္ကန်းဝတ်နိုင်မလားတဲ့” လောကကြီးကဘဲ မတရားတာလား မင်းနန် နဲ့ကလျာတို့ကဘဲ ဆုံဆည်းခွင့်ကံချွတ်ယွင်းခဲ့လေသလား၊ နောင်တော်ဘုရားရဲ့ အရှိန်အ၀ါကို မလွန်ဆန်ဝံ့လို့လား၊ မင်းနန်ကိုယ်တိုင်ကဘဲ သိပ်တွေဝေနေလို့လားမသိဘူး “ ၀တ်နိုင်ပါတယ် ရှင်တော် ဘုရား ” ဆိုပြီး ခေါင်းညိတ်မိရက်သား ဖြစ်သွားတယ်လေ၊ ဒါနဲ့ဘဲ သတိုးသား မင်းနန်ဘ၀ကနေ ဦးဇင်းနန္ဒ ဖြစ်သွားတယ်လို့ပဲ အကျဉ်းချုံးပြောကြပါစို့ ကလျာရယ်။ ။
။အဲဒီလို မင်းနန် ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဖန်ဝါရောင်သင်္ကန်း ဆင်မြန်းထားရပေမယ့် ရင်ထဲမှာတော့ သိပ်ကြေကွဲနေခဲ့တယ် ကလျာ၊ အဲဒီလို ကြေကွဲမှုတွေနဲ့ ကလျာ့ကို လွမ်းဆွမူတွေ မင်းနန်ကို လွှမ်းမိုးထားလေတော့ ဦးဇင်း ကိုရင်တွေရဲ့ ရှေ့မှောက်တောင် ဣနြေ္ဒသိက္ခာတွေ မထိမ်းနိုင် အသိမ်းနိုင် တမှိုင်မှိုင်တထွေထွေ ဖြစ်နေ ခဲ့တယ်လေ၊ သည်လိုဖြစ်ပျက်နေတဲ့ မင်းနန်ရဲ့ ရုပ်ပုံလွှာကို ကြည့်ပြီးတော့ အခြားသော ဦးဇင်း တွေ က မင်းနန်အနား လာပြီးတော့ “မင်းနန် သင်္ကန်းဝတ်ရတာ မပျော်လို့လားတဲ့” မင်းနန် တစ်ခါ တည်း အဖြေ ပေးလိုက်တယ် “ဟုတ်ပါတယ် လုံးဝမပျော်ဘူးဘုရားလို့”၊ သည်အကြောင်းကို ဦးဇင်းတွေက နောင်တော် ဘုရားကို သွားရောက်လျှောက်ထားကြတယ်လေ၊ အဲဒီတော့နောင်တော်ဘုရားက ခေါ်ပြီးတော့ မေးတော့ တာပေါ့၊ “မင်းနန် သင်္ကန်းဝတ်ရတာ မပျော်ဘူးလို့ ကြားတယ် ဟုတ်ရဲ့လားတဲ့” “ သည်တစ်ကြိမ်လည်းဘဲ ဟုတ်ပါတယ်ဘုရား” လို့ ဖြေလိုက်တယ်၊ နောင်တော်က “ဘာကြောင့် မပျော်တာ တုန်းတဲ့ ”  မင်းနန်ရဲ့ ရင်ထဲက အစိုင်အခဲတွေကို ရှိရင်းအတိုင်း ပြန်လျှောက်လိုက်တာပေါ့  “သပိတ်ထမ်းပြီး ကျောင်းကို လိုက်လာ ခဲ့နေ့တုံးက ဘုရားတပည့်တော်ရွှေဖူးစာ ကလျာရဲ့  “ မောင်တော် အချိန်မှီပြန်ခဲ့နော် ” ဆိုတဲ့ စကားလေးကို တသသလွမ်းဆွ သတိရနေတယ်ဘုရား” လို့၊ မင်းနန်ရဲ့ အဖြေကိုကြားရတော့ နော်တော်ဘုရားက ဘာစိတ်ကူးပေါက်တယ် မသိပါဘူး မင်းနန်ရဲ့ လက်မောင်းကို ကိုင်ပြီး နော်တော်ပိုင်ဆိုင်ထားတဲ့ တန်ခိုး တွေသုံးပြီး နတ်ပြည်ကို သွား စို့ ဆိုပြီင်္း ဆွဲခေါ်သွားခဲ့တယ်၊ နတ်ပြည်ကိုအသွား  ယာခင်းတစ်ခုကို ရောက် တော့ နောင်တော်ဘုရားက ဘာကိုရည်ရွယ်မှန်းလည်း မသိရဘဲနဲ့ ယာခင်းထဲ မီးလောင်ငုတ်ပေါ်မှာ ထိုင် နေတဲ့ ရုပ်းဆိုးလွန်း အကျည်းတန်လွန်းတဲ့ မျောက်အိုမကြီးကို မြင်ပြန်တော့ “မင်းနန် ဟိုး ခပ်လှမ်း လှမ်း က သစ်ငုတ်ပေါ်ထိုင်နေတဲ့ မျောက်အိုမနဲ့ မင်းသိပ်ချစ်တယ်ဆိုတဲ့ မင်းရဲ့ ရွှေဖူးစာ ကလျာနဲ့ နှိုင်းယှဥ်လိုက် မယ်ဆိုရင် ဘယ်သူက ပိုလှသလဲတဲ့ ”၊ မေးရက်လိုက်တာလေ … အဲဒီလိုကြားလိုက်ရတော့ “နိုင်းရက် လေ ခြင်း” ဆိုပြီး နောင်တော်ကို ရစ်ဖွဲထားမိတဲ့ ပဋိဃသံယောဇဉ်ကြိုးတွေက ပိုပြီးတော့ တင်းမာ သွားမိ တာ တော့ အမှန်ပါဘဲ ကလျာ၊ မလိုက်ချင်တဲ့ မင်းနန်ကို ကျောင်းတော်ကို လိုက်ခဲ့ဖို့ ခေါ်သွားရုံတင်မက မင်းနန် ရဲ့ ကွမ်းတောင်ကိုင်မလေး ကလျာကိုမှ မျောက်အိုမနဲ့ နှိုင်းရသတဲ့လေ၊ ဒီတစ်ကြိမ်းတော့ မင်းနန်ရင်ထဲမှာ တင်နေတဲ့ အကျိတ်အခဲလေးတွေ ပြေရော့သွားအောင်တော့ ရုတ်ချည်းပြောမိလိုက်တာပါဘဲ “ ကလျာက ပိုလှပါတယ်ရှင်တော်ဘုရား” လို့၊ ဟုတ်တယ်လေ… ဇနပုဒ်ရွာမှာနေကြတဲ့ လူပျိုလေးတွေတိုင်က ပိုင်ဆိုင်ခွင့် ရချင်တဲ့ ကွမ်းတောင်ကိုင်မလေး ကလျာကိုမှ ရုပ်ဆိုး အကျည်းတန်လွန်းတဲ့ မျောက်အိုမကြီးနဲ့ နှိုင်းပြီး ဖြေ ခိုင်းရသတဲ့၊ တကယ့်ကို ရင်ထဲကြေကွဲသွားတာတော့ အမှန်ဘဲကလျာရယ်။
                      ဒီတစ်ကြိမ်တော့ ခွင့်လွတ်ပါ
သည်လိုနဲ့ ရှေ့ခရီးဆက်သွားတဲ့ခါကျတော့ တစ်လောကလုံးမှာရှိတဲ့ အလှအပမှန်သမျှတွေကို ပိုင်ဆိုင်ထားကြတဲ့ မင်းသမီးချောလေး ငါးရာကို တွေ့မြင်ခဲ့ရတယ် ကလျာ၊ အဲဒီမင်းသမီးတွေအားလုံးက ဘယ်လောက်ထိလှပါသလဲ ဆိုတဲ့ မေးခွန်းတော့ မင်းနန်ကို မမေးပါနဲ့ ကလျာရယ်… ဘာဖြစ်လို့လဲဆိုတော့ အခုမင်းနန်တွေ့ခဲ့ရတဲ့ မိန်းမချောလေးတွေကို နှိုင်းယှဉ်လို့ရအောင် လှပတဲ့အလှ မင်းနန်ရဲ့ ဘ၀တစ်သက်မှာ ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးလို့ပါဘဲ၊ အသားအရည်းလေးတွေက အဖြူရောင်ပေါ် အနီရောင်လေးတွေယှက်သန်းပြီး ပန်းရောင်သဏ္ဍာန်လေးတွေသန်းနေတဲ့ နှာတံလေးတွေ မျက်လုံးမျက်ခုံးလေးတွေရဲ့ ညွတ်ကွေးပုံ သူ့နေရာနဲ့သူ ပေါင်းစပ်ဖွဲ့စည်းထားပုံတွေက နှိုင်းရက်စရာမရှိအောင်ပါဘဲ ကလျာရယ်၊ ကလျာလှသလို သူတို့တွေရော လှရဲ့လားလို့ ကလျာမေးချင်မေးပါလိမ့်မယ်၊ ဖြေရမှာတော့ အားနာပါတယ် ကလျာ၊ အခုတွေ့နေရတဲ့ အလှမယ်လေးတွေနဲ့ ကလျာကို နှိုင်းယှဉ်လိုက်မယ်ဆိုရင်လေ လမ်းခရီးမှာ တွေ့ခဲ့တဲ့ အကျည်းတန် မျောက်အိုမကြီးဟာ ကလျာ့နဲ့ သိပ်တူတယ်ဆိုတဲ့ အဖြေကိုဘဲ မင်းနန်ဖြေပါရစေ ကလျာရယ်။

အသက်ရူဖို့မေ့နေတဲ့ မင်းနန်ရဲ့အဖြစ်ကို နောင်တော်ဘုရားက သိသွားတယ်ထင်ပါရဲ့“ မင်းနန် မင်းအနေနဲ့ သည်မိန်းမချောလေးတွေကို လိုချင်တယ်ချင်ရင် သာသနာအတွင်းမှာ မင်းပျော်အောင်နေပါ သူတို့လေးတွေကို ရဖို့အတွက် နောင်တော်တာဝန်ယူပါတယ်တဲ့ ”  ကြည့်စမ်းပါဦး ကလျာ၊ အခု ကလျာကြားလိုက်ရ သိလိုက်ရတဲ့အတိုင်းဘဲ … သည်လိုစကားကြားလိုက်ရတယ်ဆိုရင်ဘဲ မင်းနန်က ရှေ့နောက် မတွေးတော့ဘဲ “ မှန်ပါဘုရား နောင်တော်ကသာ သည်မိန်းကလေးချောလေးတွေကို ရဖို့တာဝန်ယူတယ်ဆိုရင် ဘုရားတပည့်တော် မင်းနန် အခုအချိန်ကစပြီး ပျော်ရွှင်စွာနဲ့ နေပါတော့မယ်ဘုရားလို့ ” ၀မ်းမြောက်စွာ အဖြေပေးခဲ့တယ်လေ ကလျာ။
ဒီလိုမျိုးစကားကို မင်းနန်ဆီက ကြားရတယ်ဆိုရင်ဘဲ နောင်တော်ဘုရားက မင်းနန်ကိုဆွဲခေါ်ပြီးတော့ မင်းနန်တို့နေထိုင်ရာ ဇေတ၀န်ကျောင်းတိုက်တွင်း ရေပန်းအစားဆုံးလာတာတွေ့ရတယ် ကလျာ၊ ပြီးတော့လည်း ပြောသေးတယ်  “ မင်းနန်က မိန်းမချေားလေး ငါးရာကိုရဖို့ သင်္ကန်းဝတ်ရတာပျော်တယ်၊ သူ့ရဲ့တော်ဖြစ်တဲ့ မြတ်ဗုဒ္ဓက သူလိုချင်တာရဖို့ တာဝန်ယူထားသတဲ့ ”  စသဖြင့် အမျိုးမျိုး ဝေဘန်ကြတယ်၊ သူတို့ပြောတာ မှန်ပေမယ့် ကြားရဖန်များလာတော့ မင်းနန်ရှက်လာတယ် မျက်နှာပူလာတယ်၊ သည်လိုတွေ ကြားနေရတော့ မင်းနန် ဘယ်သူနဲ့မှ စကားလည်းမပြာ အတွေ့လည်း အခံတော့ဘဲ စိတ်တွေလေမလွင့်အောင် ကြိုးစားလိုက်တာ မကြာခင်မှာဘဲ ချည်နောင်ခံနေရတဲ့ သံယောဇဉ်တွေ ကလျာနဲ့ လက်ထပ်ခွင်းမရလို့ ပူဆွေးနေတဲ့ သေက ဗျာပါဒတွေ ဘာလုပ်လို့ လုပ်ရမှန်း မသိအောက်တွေဝေစေတဲ့ မောဟဆိုတာတွေဟာ မင်းနန်ရဲ့ ရင်ထဲ ဘာမှကို မကြံတော့အောင် ထွက်ပြေးလွင့်ပျောက်ကုန်တယ်လေ၊ မင်းနန်ကိုယ်တိုင်ကလည်း မင်းနန်ကို ကလျာတို့ အကြာခဏ ကြားဖူးနေတဲ့ “ ရဟန္တာ အရှင်သူုမြတ် ”ဆိုတဲ့ စာရင်းထဲမှာ မင်းနန် တစ်ပါးအပါအ၀င် ဖြစ်ခဲ့ရတော့တာပါဘဲ ကလျာ။ တကယ်န်းကျတော့ မင်းနန်ရလိုက်တဲ့ ငြိမ်းချမ်းမှုတွေဟာ လူရောနတ်ပါ သာဓုခေါ်စရာတွေပါဘဲ ကလျာ၊ ညချမ်းကာလ အခါသမယရောက်တော့ သည်အကြောင်းတွေကို နတ်မင်းဒေ၀ါတွေက နော်တော်ဘုရားဆီ ရောက်လာပြီး  “မင်းနန်လည်း ရဟန္တာဖြစ်သွား” ဆိုတဲ့ အကြောင်းလျှောက်တင်ကြတယ်လေ၊ နောင်တော်ဘုရားကလည်း ထက်မြတ်တဲ့ ရွှေဥာဏ်တော်နဲ့ မင်းနန် ရဟန္တာဖြစ်သွားပြီဆိုတာ သိတော်မူလိုက်တယ်၊ မင်းနန်ကိုယ်တိုင်၌ကလည်း နော်တော့်ထံသွားပြီး “ နောင်တော်ယူပေးမဲ့ မိန်းမချောတွေကို မင်းနန် မလိုချင်တော့တဲ့အကြောင်း”  သွားရောက်လျှောက်ထားလိုက်တော့မယ်၊ လိုချင်တယ်ဆိုတဲ့ သဘောက ဘ၀ကို သံသရာတွင်း နစ်မွန်းစေတယ်ဆိုတာ သိလိုက်ရပြီကိုး၊ ဒါကြောင့်လည်း မင်းနန် မလိုချင်တော့တာပါ၊ သည်လိုမျိုး မင်းနန်ရဟန္တာဖြစ်ကြောင်းကို သိလိုက်ရလို့ နော်တော်ဘုရားကတောင် ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာအဖြစ်နဲ့…
 “ ကာမဂုဏ်ရွှံ့နွံကို ပယ်ကာစွန့်
    ဆူးငြောင့်တန်သင်းကို သူခုတ်ထွင်
     တွေဝေခြင်းတွေ ပယ်ကာသတ်
     သူသည်သညအရှင်မြတ် သူသည်သာရဟန္တာ
      ချမ်းသာကို မနှစ်သက် ဆင်းရဲ့ကိုလည်း သူမပူ
      သည်အပူ သည်ကွန်ယက်က
      သူမြတ်ကို မကိုင်လှုပ်နိုင်
      မယိမ်းယိုင် မပြိုလဲပြီမို့
ကိလေသာ သည်ညစ်ဆိုးဆီက လွန်မြောက်သူ”… ဆိုပြီး ရဟန်းသံဃာတွေ့ရဲ့ ရှေ့မှောက်မှာ မင်းနန်ကို ဂုဏ်ပြုလိုက်သေးတယ် ကလျာ၊ အခုလို မင်းနန်ရလိုက်တဲ့ စိတ်ချမ်းမြေ့မူတွေဟာ ကလျာ့ရဲ့ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ပြီးနေရတဲ့ ငြိမ်းချမ်းမှုနဲ့ ဘာမှကို မဆိုင်ဘူး ကလျာ၊ တကယ့်ကို ဘာမှ အဆိုင်လွန်းတာပါ၊ တကယ်တန်း ဆန်းစစ်ကြည့်မယ်ဆိုရင် ကလျာ့နဲ့ မင်းနန်တို့ တစ်ယောက်ကိုတစ်ယောက်ထားရှိနေတဲ့ မေတ္တာတွေ အကြင်နာတွေဆိုတာဟာ ပူလောင်ခြင်း တက်မက်မူတွေနဲ့ ဖုံးလွမ်းရောယှက်နေတာပါဘဲ ကလျာ၊ တပ်မက်မှုရာဂတွေ ငြိမ်းအေးခြင်း မေတ္တာအဖြစ် သရုပ်ဆောင်ထားကြတာပါ။

ကိုယ်တိုင်ခံစားဖူးမှ သိရမဲ့ အနှိုင်းမဲ့ တရားတွေဖြစ်လို့လဲ ကလျာကို အသိပေးလိုက်တာပါ ကလျာ၊ အကယ်၍များ မင်းနန်နဲ့ ကလျာတို့ ပေါင်းစပ်ခွင်းရခဲ့ရင်တော့ သည်လိုမျိုး စစ်မှန်တဲ့ ငြိမ်းအေးခြင်းတွေကို မင်းနန် လက်လွှတ်ဆုံးရှုံးလိုက်ရမှာပါဘဲလေ၊ မင်းနန်ရဲ့ ပါရမီဖြည့်ဖက် ကြင်ယာတော် လုပ်မယ်ဆိုတဲ့ ကလျာ့ရဲ့ ရည်မှန်းချက်လေးကို ငဲ့ပြီး သည်လိုစကားတွေ သည်လိုဓမ္မစာစောင်လေးတွေ ပို့လိုက်တာပါ၊ မင်းနန် အဓိကဆိုလိုချင်တာကတော့ “ စွန့်လွှတ်ခြင်း ” ဆိုတဲ့ စကားတစ်လုံးရဲ့ အဓိပ္ပါယ်ပါဘဲ ကလျာ၊ အခုမင်းနန်ရရှိလိုက်တဲ့ အနှိုင်းမဲ့ ငြိမ်းချမ်းခြင်းဆိုတာဟာ ကလျာ့ကို စွန့်လွှတ်လိုက်လို့ ရလာတာပါဘဲ၊ ကလျာစဉ်းစားကြည့်လေ… အကယ်၍များ မင်းနန်နဲ့ ကလျာတို့ ဆုံဆည်းခွင့်ရခဲ့မယ်ဆိုရင် ပူလောင်ခြင်း တွေဝေခြင်းတွေနဲ့ဘဲ ဘ၀ကိုဖြတ်သန်းသွားကြရမှာ၊ တိုင်းပြည်အုပ်ချုပ်မင်းရတယ်ဘဲထား ကိုယ်အသက်ကို ကာကွယ်ရမဲ့ အကြောင့်ကြခြင်းတွေ တိုင်းပြည်အေးချမ်းအောင် စီမံခန့််ခွဲရတဲ့ ပင်ပန်းမှုတွေ ဒါတွေဟာ “ပျော်ရွှင်ခြင်း” ဆိုတဲ့ ရသကို ဖော်ဆောင်ပေးနိုင်ပါ့မလား ကလျာ၊ မင်းနန်ရဲ့ စကားတွေကို ယုံပါလို့တော့ အတင်းမတိုက်တွန်းချင်ပါဘူး၊ လွတ်လပ်စွာ သဘောထားကွဲလွှဲခွင့်တွေက လူတိုင်းမှာရှိနေတာဘဲလေ။

ဒါပေမယ့် ကလျာ… မှန်ကန်တဲ့ စွန့်လွှတ်မှုဆိုရင်တော့ မင်းနန်ရတဲ့ ငြိမ်းအေးခြင်းတွေကို ကလျာလည်း ရမယ်ဆိုတာ မင်းနန် ရဲရဲဝံ့ဝံ့ အာမခံပါတယ်၊ ဇာတ်တော်တွေကို ပြန်သုံးသပ်ကြည့်လိုက်မယ်ဆိုရင်လဲ   “ဘဏ္ဍာတိုက်ကိုဖွင့်ပြီး ရွှေငွေ ကျောက်သံပတ္တမြားတွေကို အပြုံမပျက် စွန့်လွှတ်ဖူးတဲ့ ကဏှရသေ့ ” ပြီးတော့  “မယ်မဒီနဲ့ ရင်နှင့်သည်းချာ ဇာလီနဲ့ ကဏှာကို မေတ္တာတရား ခေါင်းပါးလွန်းတဲ့ ပုဏ္ဏားလက်ထဲကို ၀ကွက်အပ်ကာ စွန့်လွှတ်ခဲ့တဲ့ မင်းဝေဿံ ”  “ရာထူးဂုဏ်သိမ် သူဌေးစည်းစိမ်းတွေကို သံသရာမီးတွေဆိုပြီး စွန့်လွှတ်လိုက်ကြတဲ့ ဥပတိဿနဲ့ ကာလိတ ”  စတဲ့ စတဲ့ ပါရမီရှင်တွေဟာ စွန့်လွှတ်ခြင်းနဲ့ဘဲ စစ်မှန်သော ချမ်းမြေ့မှုကို ရရှိသွားကြတာဘဲ… ကလျာယုံအောင် သက်သေအထောက်အထားတွေ ပြရမယ်ဆိုရင်တော့ ပြောလို့မကုန် ရေးလို့ဆုံးမှာ မဟုတ်ဘူးကလျာ၊ ဝေးဝေးမကြည့်ပါနဲ့… သဗ္ဗညုတ ရွှေဥာဏ်တော်ကို ပိုင်ဆိုင်ခွင့် ရဖို့အတွက် ဖြည့်ဆည်းရမယ့် ပါရမီဆယ်ပါးထဲက နံပါတ် တစ်ကိုဘဲ ကြည့်လိုက်ပါ၊ “လှူဒါန်းခြင်းဖြင့် ဖြည့်ဆည်းမှု” ဆိုတဲ့ ဝေါဟာရတစ်ခုကို တွေ့ရမှာပါ၊ သည်စကားတစ်ခွန်းရဲ့ ရလဒ်ကိုလည်း ကြည့်လိုက်စမ်းပါ၊ စကြာဝဠာတိုက်တစ်သောင်းက ဝေနေယျမှန်သမျှ ဦးညွတ်ရတဲ့ မင်းနန်ရဲ့ နောင်တော်ကို “သဗ္ဗညုတ ရွှေဥာဏ်ရှင် အဖြစ်လောကသား အားလုံးက အသိအမှတ်ပြုရတဲ့ မြတ်ဗုဒ္ဓဖြစ်တော်မူခဲ့တယ်လေ၊ ဒါတွေအားလုံးဟာ နည်းမှန်လမ်း ရည်ရွယ်ချက် မှန်ကန်စွာနဲ့ စွန့်လွှတ်ခြင်းရဲ့ ရလဒ်တွေပါဘဲ ကလျာ”  စွန့်လွှတ်ခြင်းရဲ့ ရလဒ်ကောင်းတွေဟာ မင်းနန်တို့ ပုရိသတွေဘဲ ပိုင်ဆိုင်ခွင်းရကြတာ မဟုတ်ပါဘူး ကလျာ၊ မိဘုရား အနော်ဇာဟာလည်း မင်းဘုရင် ကပ္ပိန စွန့်လွှတ်သွားတဲ့ မင်းစည်းစိမ်တွေကို တက်မက်မှုမရှိခဲ့တဲ့အပြင် “သူထွေးသွားတဲ့ တံတွေးတွေကို ငါလိုမိဖုရား တစ်ယောက်က ဘာလို့ တွယ်ဖက်နေရမှာလဲ သည်လိုရုပ်ဝတ္ထုပစ္စည်းတွေဟာ မင်းဘုရင် ကပ္ပိနကို ဒုက္ခပေးရုံတင်မက မိဖုရား ငါအနောဇာကိုလည်း ဆင်းရဲ့စေတာပါပဲ၊ ပြီးတော့လည်း သူကဖန်ဝါရောင်သင်္ကန်း ဆင်မြန်းဖို့ မြတ်ဗုဒ္ဓဆီကို သွားခဲ့ပြီ၊ ငါလည်း သာသနာနွယ်ဝင် ဘိက္ခုနီဝတ်တော့မယ်” ဆိုပြီး အခြံအရံတော် ငါးရာနဲ့အတူ သာသနာ့ဘောင်တွင်းသက်ဆင်းပြီး အနှိုင်းမဲ့ ငြိမ်းအေးမှုတွေကို ရခဲ့တဲ့ သာဓကတွေဟာ ကလျာတို့လို မိန်းမသားတွေအတွက် အားတတ်စရာတွေ အတုယူစရာတွေဘဲပေါ့ ကလျာရယ်။
          
 နောက်ဆုံး မင်းနန်တိုက်တွန်းလိုက်ပါရစေ ကလျာ… “ စွန့်လွှတ်ခြင်းကြောင့် ရရှိခြင်း၊ ရရှိလိုမှုကြောင့် စွန့်လွှတ်ခြင်း” ဆိုတာတွေဟာ လက်တွေ့ ကျင့်သုံးနိုင်သူတွေအတွက် အင်မတန်ကိုမှ တန်ဖိုးကြီးလှပါတယ် ကလျာရယ်။ ။
အနှိုင်းမဲ့ချမ်းမြေ့ခြင်းသဘောတရားတွေကို အမြန်ဆုံး ကလျာရရှိနိုင်ပါစေ။ ။

ပန်ကြားလွှာ… ဤဆောင်းပါးကို ဓမ္မဒအဋ္ဌကထာ နန္ဒ၀တ္ထုကို ကိုးကား၍ ရေးသားထားခြင်းဖြစ်ပါသည်။ ။
မင်းနန်(အရှင်နန္ဒ) နှင့်အတူ စွန့်လွှတ်သည့် စိတ်ဓာတ်ဖြင့် ဘ၀ကို ဖြတ်သန်နေကြသော သူများအားလုံးကို ဦးညွတ်ရင်းဖြင့်…………………..
                                                                                         စိုင်းမြတ်နွယ်

No comments:

Post a Comment