Thursday, December 9, 2010

ဘ၀နှောင်ကြိုး

ဘ၀နှင့် ပတ်သတ်၍ လူတို့ အမျိုးမျိုးဖွင့်ဆိုကြ၏။ မိမိတို့ အကြိုက်စရိုက်လက္ခဏာအားလျှော်စွာ သန်ရာသန်ရာကို ရှုထောင့်အထွေထွေဖြင့် ဘ၀ကို ချဉ်းကပ်ကြည့်ကြ၏။ တစ်ထွာလောက်ကြည့်လျှင် တစ်လံလောက်မြင်တဲ့သူတွေလည်း ရှိမည်။ တစ်လံလောက်ကြည့်ပါလျှက် တစ်ထွာမျှ မြင်သူလည်း ရှိမည်။ အလှမ်းကျယ်၍ အလယ်အလပ်မြင်မိသူများလည်း ရှိမည်။ မြင်သည် အထင်နှင့် တကယ် မမြင်မိသူများလည်း ရှိမည်။မည်သို့ဖြစ်စေ စူးစမ်းဆင်ခြင်နိုင်မှုအရာတွင် အခြားသတ္တ၀ါများထက် သာလွန်နေသောလူသားများသည် ထိုစူးစမ်းမှုအတတ်ဖြင့်ပင် ယာဉ်ကျေးမှုသမိုင်းလှေကားကို အဆင့်ဆင့်ကျော်လွှားတက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ အဆုံးစွန်အားဖြင့် ဘ၀ကိုကြည့်ရှုပါလျှင် ဘ၀၏ ခါးသီးမှု အထွေထွေ အဆင်မပြေမှု အရပ်ရပ်၊ အတောမသတ်နိုင်သည့် ဒုက္ခအဖြာဖြာ၊ ဘာမဟုတ်မှု အဖုံဖုံ အလုံးစုံကို အမှန်တွေ့နိုင်၍ ဘ၀၏ လွတ်မြောက်ရာ ဟိုမှာဘက်ကမ်းဆီသို့ အရောက်လှမ်းနိုင်သူမှာလည်း ထိုလူသားများပင်ဖြစ်လေသည်။ တောင်မှခွါ၍ ခပ်လှမ်းလှမ်းအရပ်မှ ကြည့်ရှုမှသာ တောင်၏ပုံသဏ္ဍာန်ကို အမှန်တကယ်မြင်တွေ့နိုင်သကဲ့သို့၊ ဥယျာဉ်အတွင်းမှထွက်၍ အပြင်ဘက်က ကြည့်ရှုမှသာ ဥယျာဉ်၏ ပုံသဏ္ဍာန်ကို အမှန်တကယ်မြင်နိုင်သကဲ့သို့ ဘ၀၏စက်ဝန်းမှ ထွက်၍ လွတ်ကင်းရာအရပ်မှ ကြည့်ရှုမှသာလျှင် ဘ၀၏ အဓိပ္ပါယ်ကို တကယ်မြင်နိုင်ပေလိမ့်မည်။ စင်စစ်ဘ၀၏ အဓိပ္ပါယ်အစစ်ကို ရဟန္တာဖြစ်သွားကြသည့် ဘ၀မှ လွတ်မြောက်သူ လူသားတို့သာလျှင် အမှန်တကယ် နားလည်ပေနိုင်ပေမည်။ ။
မိမိသည်ကား ပညာမျက်စိမရှိ၊ သညာသိ အကန်းသက်သက်ဖြင့် ဘ၀ကို ပုံဖော်နေရ၏။ စမ်းမိ စမ်းရာကို အမိအရဆုတ်ကိုင်၍ “ဒါကိုဘ၀”ဟု အားရပါးရ ငြင်းခုံနေရသော အချိန်မှာ အမှတ်မှားမှု (သညာဝိပလ္လသ) စိတ်အထင်လွဲချော်မှု (စိတ္တ၀ိပလ္လသ) အတွေးအမြင် လွဲမှားမှု (ဒိဠိဝိပလ္လသ) များကို မပယ်ရှားနိုင်သေးသော ပုထုဇဉ်အမျိုးများပီပီ မှန်သည်ထက် မှားသည်ဘက်က ပိုများပေလိမ့်မည်။ အချို့ပညာရှင်များက ဘ၀အကြောင်းကို နားလည်စရာမလို၊ ဘ၀၏ ဒုက္ခသုခကိုခံစားရန်သာ ရှိသည်ဟု ဆိုကြသည်။ အချို့ကမှု ဘ၀ခရီးစဉ်တွင် မွေးဖွားခြင်း၊ ရှင်သန်ခြင်း၊ သေဆုံးခြင်းဟူသော အဖြစ်အပျက်သုံးခုသာရှိသည်။ မွေးဖွားခြင်းကို မခံစားနိုင်၊ မသိနိုင်တော့။ သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါ ဆင်းရဲ့ဒုက္ခရောက်ကြရသည်။ အသက်ရှင်ဖို့ကိုမူ မေ့လျော့သွားကြသည်ဟု ဆိုကြသည်။ ဘ၀၌ အဓိပ္ပါယ်ကို ရှာခြင်းသည်ပင် အဟာရဖြစ်သည်ဟုလည်း တစ်ချို့က ဖွင့်ဆို မှတ်ချက်ပြုကြသည်။ ဘ၀ဟူသည် သေခြင်းတရားကို မေ့ထား၍ ပျော်ပျော်ပါးပါးကြီး စားသောက်နေထိုင်ရခြင်းဟုလည်း တစ်ချို့က ဆိုကြသည်။ ဘ၀ဟူသည် အခြေခံအားဖြင့် ဖြစ်၊ ပျက်၊တည် သဘောတရားသုံမျိုး ပေါင်းစပ်ထားခြင်းမျှသာဖြစ်၍ ဘ၀အရင်းခံ သဘော၍ အဓိပ္ပါယ်မရှိဟု ဆိုသူလည်း ရှိသည်။
တစ်ချို့ကလည်း ဘ၀၏ အဓိပ္ပါယ်ဟူသည် ကောင်းကောင်းစား၍ ကောင်းကောင်းဝတ်ခြင်း မဟုတ်၊ ငြိမ်းချမ်းစွာနေထိုင်ရခြင်းသာဖြစ်၏။ သူတော်စင်တို့သည် ဘ၀ကိုငြိမ်းချမ်းစွာဖြင့် သက်သေပြခဲ့ကြသည်။ ပုထုဇဉ် လူသားတို့အတွက်ကား ယထာဘူတကျသော အမြင်သည် ဘ၀၏အနက်၊ ဘ၀၏ အဓိပ္ပါယ်၊ ဘ၀၏ပန်းတိုင်နှင့်စပ်သော အမြင်များဖြစ်၏။ ပညာရှင်တစ်ဦးကမူ ကမ္ဘာတစ်လွှားရှိ လူအများ၏ အစဉ်အမြဲချီးမွမ်းခြင်းခံရသော ဥာဏ်ကြီးရှင် သိပ္ပံပညာရှင်များသည်ပင် ဘ၀နှင့် ပတ်သတ်လာလျှင် ကကြီး ခကွေး မျှလောက်သာ ပြောပြနိုင်ကြသည်ဟုဆိုထားသည်။ ကျမ်းပြုအကျော် တောင်မြို့ မဟာဂန္ဓာရုံဆရာတော်က ဘ၀အမြင်နှင့် ပတ်သတ်၍ ဘ၀ဆိုတာ ရပ်တည်နေတာမဟုတ်၊ ခရီးရှည်တစ်ခုဖြစ်ကြောင်း၊ ဘယ်ကလာပြီး ဘယ်ကိုသွားရမည်ဆိုသည်ကို သိထားဖို့ကောင်းကြောင်း အမိန့်ရှိခဲ့ဖူးသည်။ လူမှုရေးနယ်ပယ်၌ နေ့စဉ်သုံးစွဲနေသော အနေအထားကို ကြည့်ရှုသောအခါ အသက် အရွယ် ပြောင်းလဲဖြစ်တည်မှုကိုလိုက်၍ ကလေးဘ၀၊ လူငယ်ဘ၀၊ လူကြီးဘ၀စသည်ဖြင့် သုံးစွဲကြသည်ကို တွေ့ရသည်။ ဆင်းရဲ့သာဘ၀၊ သူဌေးသူကြွယ်ဘ၀စသည်ဖြင့် လူနေမှု အဆင့်အတန်းအနိမ့်အမြင့်ကို ခွဲခြားရာ၌လည်း ဘ၀ကိုသုံးစွဲသည်။ အခြားသုံစွဲထားသည်များလည်း များစွာကျန်ရှိပေသေးသည်။ မည်သို့ပင်များပြားစေကာမူ သေသေချာချာစဉ်းစားကြည်လျှင် လက်ရှိလုပ်ဆောင်မှု၊ ဖြစ်တည်မှုကို ဘ၀ဟုသတ်မှတ်သည်။ ဤသဘောသဘာဝနှင့် အထက်က ဖော်ပြခဲ့သော အချက်များကို ကောက်ချက်ချကြည့်လျှင် ဘ၀ဟူသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်၊ အခြေအနေနှင့် အချိန်ခါကိုလိုက်၍ အမြဲတစေ ဖြစ်တည်ပြောင်းလဲနေသော သန္တတိအစဉ်အတန်း ကြီးတစ်ခုသာ ဖြစ်သည်ဟုဆိုသော် ရမည်ထင်သည်။ ဘ၀၏ အဓိပ္ပါယ်ကို ပညာရှင်တို့ဖွင့်ဆိုထားသည်များကိုပင် မှားသည်ဟူ၍လည်းကောင်း၊ မှန်သည်ဟူ၍လည်းကောင်း ဝေဖန်စိစစ်နိုင်စွမ်းအလျဉ်းမရှိပါပေ။ ဘ၀ဟူသောဝေါဟာရသည် ပါဠိစာပေမှ ဆင်းသက်လာသော ဝေါဟာရ ဖြစ်သည်။
ပါဠိစာပေ နှင့် ဘဝ
ပါဠိဟုခေါ်သော မဂဓအဘိဓာန်၌ “ဘ၀” ပုဒ်၏အနက်ကို (၇) မျိုးပြဆိုထားသည်။
၁။ ကြီးပွားခြင်း(၀ုဒ္ဓိ)
၂။ ဖြစ်ခြင်း(ဇနန)
၃။ ကာမဓာတ်စသည့်ဓာတ်သဘော(ကာမဓာတွာဒိ)
၎။ ရောက်ခြင်း(ပတ္တိ)
၅။ ထင်ရှားရှိခြင်း(သတ္တ)
၆။ သံသရာ(သံသရ)
၇။ သဿတအယူ (သဿတဒိဋ္ဌိ) တို့ဖြစ်သည်။ ဗုဒ္ဓအဘိဓမ္မာက ပြဆိုသော “ဘ၀”သည် အကောင်းအဆိုးနှစ်မျိုးကို ပြုလုပ်ဖန်တီးသည့် စေနတာဦးစီးသော နမ်တရားများနှင့် ဖန်တီးမှုကြောင့်ဖြစ်ပေါ်လာရသော ကောင်းကျိုးဆိုးကျိုး ၀ိပါတ်နာမ်ရုပ်တရားများသာဖြစ်သည်ဟု ဆို့ရပေမည်။ ဘ၀နှင့်ပတ်သတ်သောအမြင်တို့တွင့် ဗုဒ္ဓအဘိဓမ္မာ၏ အမြင်သည် လေးနက်မှုအရှိဆုံးနှင့် အသိမ်မွေ့ဆုံးသားဖြစ်ပေတော့သည်။
နှောင်းကြိုး (သို့) သံယောဇဉ်
မြတ်စွာဘုရားသည် အဘိဓမ္မာတရားတော်များကို ဟောကြားရာတွင် အချို့နေရာများတွင် သုတ္တန်နည်း၊ အဘိဓမ္မာနည်းဟု နည်းနှစ်မျိုးခွဲခြားကာ ဟောကြားလေ့ရှိ၏။ နာယူသူပုဂ္ဂိုလ်၏ အလိုဆန္ဒ ကျွတ်ထိုက်သူဝေနေယျတို့၏ အဇ္ဈာသယကိုငဲ့၍ ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် သဘာဝတရားသက်သက်ကိုသာ သိစေတော်မူလို၍ ဓမ္မဓိဋ္ဌာန်အားဖြင့် ဟောကြားတော်မူရာ၌ကား အဘိဓမ္မာနည်းကိုသာအသုံးပြုတော်မူ၏။ သံယောဇဉ်ဆယ်ပါးကို လည်း အဆိုပါနည်းနှစ်ပါးဖြင့် ဟောကြားတော်မူခဲ့၏။ ထိုတွင် သုတ္တန်နည်းဖြင့် ဟောကြားတော်မူခဲ့သော နှောင်ကြိုး(သို့) သံယောဇဉ်တရားများမှာ-
၁။ ကာမရာဂသံယောဇဉ်= ကာမဘ၀၌ တွယ်တာမှုဖြင့် ရစ်ဖွဲ့သော နှောင်ကြိုး
၂။ ရူပရာဂသံယောဇဉ်- ရူပဘ၀၌ တွယ်တာမှုဖြင့် ရစ်ဖွဲ့သောနှောင်ကြိုး
၃။ အရူပရာဂသံယောဇဉ်= အရူပဘ၀၌တွယ်တာမှုဖြင့် ရစ်ဖွဲ့သော နှောင်ကြိုး
၎။ ပဋိဃသံယောဇဉ်= ဒေါသ, အာဃာတဖြင့်ရစ်ဖွဲ့သောနှောင်ကြိုး
၅။ မာနသံယောဇဉ်= မောက်မာထောင်လွှားမှုဖြင့်ရစ်ဖွဲ့သော နှောင်ကြိုး
၆။ ဒိဋ္ဌိသံယောဇဉ်= အမြင်မှားမှုဖြင့်ရစ်ဖွဲ့သောနှောင်ကြိုး
၇။ သီလဗ္ဗတပရာမာသသံယောဇဉ်- နွားကျင့် ခွေးကျင့် စသောအကျင့်ဆိုးကို အမှန်ဟု မှားမှားယွင်းယွင်းသုံးသပ်ထင်မှတ်ခြင်းဖြင့်ရစ်ဖွဲ့သော နှောင်ကြိုး
၈။ ၀ိစိကိစ္ဆာသံယောဇဉ်= အမှန်တရားတို့၌ ယုံမှားခြင်းဟူသောသံသယဖြင့် ရစ်ဖွဲ့သော နှောင်ကြိုး
၉။ ဥဒ္ဓစ္စသံယောဇဉ်= အာရုံတစ်ခု၌ မငြိမ်မသက်ပျံ့လွင့်တက်ခြင်းဖြင့်ရစ်ဖွဲ့သောနှောင်ကြိုး
၁၀။ အ၀ိဇ္ဇာသံယောဇဉ်= အာရုံအမှန်ကို မသိ အမှားကို သိခြင်းဖြင့် ရစ်ဖွဲ့သောနှောင်ကြိုး ဟူ၍ နှောင်ကြိုး (၁၀) မျိုးရှိသည်။
ထိုနှောင်ကြိုးဆယ်ချောင်းတို့သည် သတ္တ၀ါတို့၏ သတိအလစ်ကို ဖမ်း၍ စိတ်သန္တာန်အတွင်းဝယ် အမျိုးမျိုးခြယ်လှယ်ကာ သံသရာဝဋ်မှ မလွတ်အောင်ချည်နှောင်တတ်ကြလေသည်။ ။

No comments:

Post a Comment